ဗဟိုအလုပ်အမှုဆောင်(တောင်သူလယ်သမားရေးရာတာဝန်ခံ) မကွေးတိုင်းဒေသကြီး ခရိုင်/မြို့နယ် တောင်သူလယ် သမားရေးရာ တာဝန်ခံများနှင့်တွေ့ဆုံပွဲကျင်းပ

magway

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအလုပ်အမှုဆောင်၊ ဗဟိုတောင်သူလယ်သမားရေးရာတာဝန်ခံ ဦးအောင်တင်မြင့် နှင့် မကွေးတိုင်းဒေသကြီး ခရိုင်၊ မြို့နယ်တောင်သူလယ်သမားရေးရာ တာဝန်ခံများတွေ့ဆုံပွဲကို ယခုလ ၁ဝ ရက် မွန်းလွဲ ၁ နာရီက တိုင်းဒေသကြီးပါတီအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။ အခမ်းအနားသို့ ဗဟိုအလုပ်အမှုဆောင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်ဌေး၊ တိုင်းပါတီကော်မတီဝင် ဦးဟန်မောင်၊ အရန်ကော်မတီဝင်များဖြစ်ကြသော ဦးခင်မောင်မြင့်၊ ဦးထွန်းရှိန်နှင့် ခရိုင် ငါးခရိုင်နှင့် မြို့နယ် ၂၅မြို့ နယ်တို့မှ တောင်သူလယ်သမားရေးရာ တာဝန်ခံများနှင့် အဖွဲ့ဝင်များ စုစုပေါင်း ၄၁ ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးပါတီဥက္ကဋ္ဌဒေါက်တာမောင်မောင်ဌေးက ဗဟိုနှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ရေးရာတာဝန်ခံများအား မိတ်ဆက်ပေးပြီး တိုင်းဒေသကြီးပါတီအနေဖြင့် ရေးရာကော်မတီများ အားလုံးဖွဲ့စည်းပြီး ဖြစ်ကြောင်း၊ တောင်သူလယ်သမားများမှာ နိုင်ငံတော်တွင် ရာခိုင်နှုန်း ၇ဝ ရှိသဖြင့် အင်အားကြီးမားကြောင်း၊ ၎င်းတို့၏ အကျိုးစီးပွား တိုးတက်ရေးအခွင့်အရေးများ ကာကွယ်ရေးတို့အတွက် ဆွေးနွေးညှိနှိုင်းနိုင်ကြပါရန် မှာကြားသည်။
ဆက်လက်၍ ဗဟိုအလုပ်အမှုဆောင် (တောင်သူလယ်သမားရေးရာတာဝန်ခံ) ဦးအောင်တင်မြင့်က ပါတီအနေဖြင့် နောင်ငါးနှစ်ပြည့်သည့် ၂ဝ၂ဝတွင် နိုင်ငံတော်၏ဦးဆောင်ပါတီဖြစ်လာရန် ရည်မှန်းပါကြောင်း၊ ထို့ကြောင့် လူငယ် လူရွယ်မျိုးဆက်သစ်များဖြင့် ဦးတည်လှုပ်ရှား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ နစ်နာချက်၊ ခံစားခွင့်များ၊ အခွင့်အရေးများ ထိခိုက်ခံရပါက လွှတ်တော်များရှိ မိမိပါတီ ကိုယ်စားလှယ်များမှ တစ်ဆင့် အဆို/မေးခွန်းများဖြင့် တင်ပြဆောင်ရွက်မည်ဖြစ်ကြောင်း၊ ဤကဲ့သို့ဆောင်ရွက်ရင်း ၂ဝ၂ဝပြည့်နှစ်တွင် နိုင်ငံရေးစင်မြင့်ပေါ်သို့ ပြန်တက်မည်ဖြစ်ကြောင်း၊ ပြည်သူ့ဆန္ဒနှင့်အညီ ယုံကြည်ချက်များရယူပြီး ဆောင်ရွက် ကြမည်ဖြစ်ကြောင်း မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ပါတီကော်မတီဝင် ဦးဟန်မောင် နှင့် အရန်ကော်မတီဝင်များဖြစ်သော ဦးခင်မောင်မြင့်၊ ဦးထွန်းရှိန် တို့က ပါတီနှင့်တောင်သူလယ် သမားရေးရာကိစ္စရပ်များ ဆွေးနွေးတင်ပြပြီး တက်ရောက်လာကြသော ခရိုင်၊ မြို့နယ်ရေးရာ တာဝန်ခံများ မှ တစ်ခရိုင်ချင်း တစ်မြို့နယ်ချင်း အလိုက်အားသာချက်၊ အားနည်းချက်များ အခက်အခဲများ၊ အတွေ့အကြုံများအား တင်ပြဆွေးနွေးကြရာ အဆိုပါဆွေးနွေးချက်များအပေါ် ဗဟိုတောင်သူ လယ်သမားရေးရာတာဝန်ခံနှင့် တိုင်းပါတီဥက္ကဋ္ဌတို့က ပြန်လည်ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ ဇော်မြင့်(မကွေး)


Leave a Reply