ပရိသတ်များ စိတ်ဝင်စားနေသည့် MMA ပြိုင်ပွဲ အောက်တိုဘာ ၇ ရက်တွင် ရန်ကုန်မြို့၌ ကျင်းပမည်

14508492_1245415472149267_1604446748_n

မြန်မာအားကစားပရိသတ်များ စိတ်ဝင်စားမှု မြင့်တက်လာသည့် MMA (ဘက်စုံကိုယ်ခံပညာသုံး) အားကစား ပြိုင်ပွဲကို အောက်တိုဘာ ၇ ရက် ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ (၁) သုဝဏ္ဏ၌ ကျင်းပမည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် မြန်မာနာမည်ကျော် ကစားသမား အောင်လအန်ဆန် အပါအဝင် ပွဲစဉ် ကိုးပွဲ ပါဝင်မည်ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲတွင် အောင်လအန်ဆန်၏ ပွဲအပါအဝင် အဓိကတွဲဆိုင်းတစ်ပွဲ၊ မြန်မာကစားသမားများအတွက် ရွှေခါးပတ်လုပွဲများ ပါဝင်မည်ဖြစ်သည်။ မြန်မာပရိသတ်များအကြား MMA အားကစားနည်းကို ပိုမိုစိတ်ဝင်စားစေ ခဲ့သူ ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် ပိုလန်နိုင်ငံသား ပတ်စတာနက်ခ်နှင့် ထိုးသတ်မည်ဖြစ်ပြီး အဓိက တွဲဆိုင်းအဖြစ် STRAW ဝိတ်တန်းချန်ပီယံလုပွဲဖြစ်သော ယိုရှီတာကာ(ဂျပန်)နှင့် ဂျိုရှုအာ (ဖိလစ်ပိုင်)တို့ ထိုးသတ်မည်ဖြစ်သည်။

မြန်မာကစားသမားများအတွက် ဖယ်သာဝိတ်တန်း ချန်ပီယံလုပွဲအဖြစ် ဖိုးသော်နှင့် ကပ္ပလီ၊ ရဲရင့်အောင်နှင့် စောရန်ပိုင်တို့ ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်ပြီး အနိုင်ရရှိသူ နှစ်ဦးမှာ ဗိုလ်လုပွဲ ထပ်မံကစားရမည်ဖြစ်သည်။ အခြား စိန်ခေါ်ပွဲများအဖြစ် စောဘဦး(မြန်မာ) နှင့် ကြယ်စင်ဖြိုး(မြန်မာ)၊ အာမက်(ပါကစ္စတန်)နှင့် မိုဟာမက် (အီဂျစ်)၊ ဆာဒူလက်ဗ်(ရုရှား)နှင့် လူးကပ်စ် (သြစတြေးလျ)၊ ဂါဖူးရော့ဗ်(အီရန်)နှင့် ဘီဗင်(ဖိလစ်ပိုင်)တို့ ထိုးသတ်မည် ဖြစ်သည်။
အောင်လအန်ဆန်သည် အမေရိကန်နိုင်ငံတွင် ကာလရှည်နေထိုင်ကာ MMA အားကစားနည်းကို လိုက်စား၍ ပြိုင်ပွဲများ ယှဉ်ပြိုင်နေသူဖြစ်ပြီး ၂၈ ပွဲ မြောက်အဖြစ် ထိုးသတ်ခြင်းဖြစ်ကာ ၁၈ ပွဲနိုင်၊ ကိုးပွဲ ရှုံးနိမ့်ထားသည်။ ပတ်စတာနက်ခ်မှာမူ ၁၂ ပွဲ ထိုးသတ်ရာ တွင် ၁၁ ပွဲနိုင် တစ်ပွဲရှုံးထားသည်။

အောင်လအန်ဆန်သည် ယခုနှစ်အတွင်း သုံးပွဲမြောက် ထိုးသတ်ခြင်းဖြစ်ပြီး ပြီးခဲသည့် နှစ်ပွဲစလုံး အနိုင်ရထား သည်။ အောင်လအန်ဆန် သည် မြန်မာနိုင်ငံတွင် ဒုတိယအကြိမ် လာရောက် ထိုးသတ်ခြင်းဖြစ်ပြီး ပရိသတ် စိတ်ဝင်စားမှု မြင့်တက်လျက်ရှိသည်။

# Myawady Daily


Leave a Reply