ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ်အရ လုပ်ငန်းတိုင်းကို အခွန်သက်သာခွင့် မပေးဟုဆို
အသစ်ပြဋ္ဌာန်းမည့်မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေ၏ ထူးခြားချက်သည် လုပ်ငန်းတိုင်းကို အခွန်သက်သာခွင့် မပေးဘဲ အစိုးရက တိုးမြှင့်လိုသည့် လုပ်ငန်းကဏ္ဍ များတွင်သာ သီးခြားပေးမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အတွင်းရေးမှူး ဦးအောင်နိုင်ဦးက ပြောသည်။
အစိုးရက တိုးမြှင့်လိုသည့်လုပ်ငန်းကဏ္ဍများတွင်လည်း ဖွံ့ဖြိုးမှုအားကောင်းသည့် ဒေသများ၌ ၀င်ငွေခွန် သက်သာခွင့် သုံးနှစ်၊ ဖွံ့ဖြိုးမှုအသင့်အတင့်ရှိသည့် ဒေသများ တွင် ၀င်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်နှင့် ဖွံ့ဖြိုးမှုအနည်းဆုံး ဒေသများတွင် ၀င်ငွေခွန်ကင်းလွတ်ခွင့် ခုနစ်နှစ်ပေးမည်ဖြစ်သည်။
၂၀၁၂ က ပြဋ္ဌာန်းသည် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုချက်ရရှိ သည့် မည်သည့်လုပ်ငန်းမဆို ၀င်ငွေခွန်ကင်းလွတ်ခွင့် ငါးနှစ်ပေးထားသည်။ ထိုအခွင့်အရေးသည် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဥပဒေတွင် မပါဝင်သဖြင့် တိုင်းရင်းသားလုပ်ငန်းရှင်များက တန်းတူအခွင့်အရေးပေးရန် တောင်းဆို သောကြောင့် ယခင်အစိုးရလက်ထက်ကစ၍ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသားရင်းနှီးမြှုပ်နှံမှုဥပဒေကို တပေါင်း တစည်းတည်း ရေးဆွဲရန် ပြင်ဆင်ခဲ့သည်။
ယခုအသစ်ပြဋ္ဌာန်းမည့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေသည် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုဥပဒေနှစ်ခုကို ပူးပေါင်းရေးဆွဲ ထားသည့် ဥပဒေဖြစ်သည်။ အခွန်ကင်းလွတ်ခွင့် မက်လုံးဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများကို မဆွဲဆောင်ဘဲ အခြေခံအဆောက်အအုံများ ပြည့်စုံစွာ တည်ဆောက် ထားခြင်း၊ အစိုးရ၏ ကြိုးနီစနစ်များ ဖြေလျှော့ခြင်း၊ မြေနေရာရရှိမှု၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးစသည်တို့သည် အဓိက လိုအပ် ချက်ဖြစ်သည်ဟု ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ်၊ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့တို့က အကြံပြုထားကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေးက ပြောကြားသည်။
ထို့အပြင် အသစ်ပြဋ္ဌာန်းမည့်ဥပဒေတွင် သဘာဝပတ်ဝန်းကျင်နှင့် လူမှုပတ်ဝန်းကျင်တို့ကို ထိခိုက်မှုမရှိစေရန် ရေးဆထားကြောင်း ဦးအောင်နိုင်ဦးက ဆိုသည်။
ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများနှင့်ပတ်သက်၍လည်း ဥပဒေတွင်တိကျသော ကာကွယ်ပေးမှုများပါဝင်ကြောင်း ၎င်းက ဆိုသည်။ ရင်းနှီးမြှုပ်နှံမှုများကို သိမ်းယူခြင်း (သို့မဟုတ်) နိုင်ငံပိုင်ပြုလုပ်ခြင်း၊ သွယ်ဝိုက်သိမ်းယူခြင်း၊ ရပ်ဆိုင်း ခြင်းတို့ သဘောသက်ရောက်မည့် ဆောင်ရွက်မှုများကို မပြုလုပ်ကြောင်း အာမခံသည်ဟု ဖော်ပြထားသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ် အသက်ဝင်လာပါက ငွေကြေးပမာဏများသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း၊ ပတ်ဝန်းကျင်ထိခိုက်မှုရှိသည့် လုပ်ငန်းများ၊ ၀န်ကြီးဌာန စိစစ်ရန်ညွှန်ကြားသည့် လုပ်ငန်းများမှအပ ကျန်ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ကို ဖြတ်သန်းစရာမလိုဘဲ တိုင်းနှင့်ပြည်နယ်အစိုးရ ၏ သဘောတူညီမှုဖြင့် လုပ်ကိုင်နိုင်သည်ဟု ဦးအောင်နိုင်ဦးက ဆိုသည်။
ရင်းနှီးမြှုပ်နှံမှုနှင့် ပတ်သက်၍ မြေငှားရမ်းမှု သတ်မှတ်ချက်များမှာ ဥပဒေသစ်နှင့် လက်ရှိတရားဝင်နေသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံဥပဒေတို့တွင် အတူတူပြဋ္ဌာန်းထားသည်။ မြေငှားရမ်းမှုကို နှစ် ၅၀ နှင့် သက်တမ်းတိုး ၁၀ နှစ်စီဖြင့် နှစ်ကြိမ်ခွင့်ပြုထားခြင်းကြောင့် စုစုပေါင်း နှစ် ၇၀ သတ်မှတ်ပေးထားသည်။ # 7 Day Daily