ထိုင်းရောက် တရားမ၀င် မြန်မာလုပ်သားများကို စက်တင်ဘာမှ ဒီဇင်ဘာအထိ စစ်ဆေးဖမ်းဆီးမည်

ထိုင်းရောက် တရားမ၀င် မြန်မာလုပ်သားများကို စက်တင်ဘာမှ ဒီဇင်ဘာအထိ စစ်ဆေးဖမ်းဆီးမှုများပြုလုပ်မည်ဟု ထိုင်းရောက် မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးသည့် အဖွဲ့တချို့ကို ထိုင်းအစိုးရက သတိပေးပြော ဆိုထားကြောင်း သိရသည်။

တရားမ၀င်အလုပ်သမားများအပြင် အေဂျင်စီနာမည်ဖြင့် လုပ်ကိုင်နေသူများနှင့် ပွဲစားများကိုပါ ဖမ်းဆီးသွားမည့် အပြင် အလုပ်လုပ်ခွင့်ပါမစ်တွင် ပါရှိသည့် သူဌေးနာမည်နှင့် လုပ်ကိုင်နေသည့်အလုပ် မတူညီသည့် အလုပ်သမား များပါ ဖမ်းဆီးခံရမည်ဖြစ်ကြောင်း (AAC) မဟာမိတ်အဖွဲ့မှ စက်တင်ဘာ ၁၉ ရက်ကသိရသည်။

“ဖမ်းမယ့်ကိစ္စနဲ့ပတ်သက်ပြီး သံရုံးကလည်း တရားဝင် အသိမပေးထားဘူး။ ထိုင်းလ၀ကကလည်း တရားဝင် စာမထွက်ဘူး။ ဖမ်းမယ်ဆိုတာကို သူတို့က ကျွန်တော်တို့ အစည်းအဝေးတက်ရင်းနဲ့ ပြောလိုက်တာ ဒါတွေကို ဖမ်းတော့မယ်။ ထိုင်းဘက်က အေဂျင်စီနာမည်နဲ့ ကိုယ်စားလှယ်ပါဝါ ပေးထားတဲ့သူတွေ၊ အလုပ်သမားတွေ ဆိုရင်လည်း ပါမစ်ကသူဌေးနာမည်နဲ့ တူတဲ့အလုပ်ကို ပြောင်းထားပါ။ ဖမ်းတော့မယ် ” ဟု AAC မှ ဦးခိုင်ကြီးက ဆိုထားသည်။

ပြီးခဲ့သည့်အပတ်က ထိုင်းအစိုးရပြုလုပ်သည့် လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစည်းအဝေးတွင် တက်ရောက်လာသည့် မြန်မာလုပ်သား အကူအညီပေးရေးအဖွဲ့များကို ထိုင်းအာဏာပိုင်တို့က သတိပေးပြောကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းလ၀ကနှင့် ထိုင်း DOE (အလုပ်သမားဝန်ကြီးဌာန) တို့ ပူးပေါင်း၍ ငါးကြိမ်တိုင် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး တရားမ၀င်လုပ်သား ဖမ်းမိပါက ထိုင်းအလုပ်ရှင်သည် ဒဏ်ငွေဘတ် ငါးသောင်း ဒဏ်ရိုက် ခံရမည်ဖြစ်ကာ အလုပ်သမားသည် တရားမ၀င် ၀င်ရောက်မှု၊ တရားမ၀င်နေထိုင်မှုတို့ဖြင့် ထောင်ဒဏ် ၄၅ ရက် ကျခံရမည်ဖြစ်ကာ မြန်မာနိုင်ငံသို့ ပြန်လည် ပို့ဆောင်ခံရမည်ဖြစ်ကြောင်း AAC မှသိရသည်။

ထို့ပြင် တရားဝင်လုပ်သားဖြစ်သော်လည်း အလုပ်လုပ်ခွင့်ပါမစ်တွင် ပါရှိသည့်အလုပ်ရှင်နာမည်နှင့် လုပ်ကိုင်နေ သည့် အလုပ်ရှင်နာမည် မတူညီခြင်းကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ် ၄၅ ရက် ကျခံရမည့်အပြင် ဘတ် ၁၈၀၀ ဒဏ်ရိုက်ခံရမည်ဖြစ်ကြောင်း၊ ထိုင်းတွင် မြန်မာလုပ်သား သုံးသန်းကျော်ရှိပြီး တစ်ဝက်ခန့်သည် တရားမ၀င် လုပ်သားများဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးမှုများသည် ပုံမှန်ရှိနေဆဲဖြစ်ကြောင်း AAC မှသိရသည်။

#Democracytoday


Leave a Reply