ရွန်နီကို ပထမ ကစားသမားစာရင်းမှ မော်ရင်ဟို ထုတ်ပယ်တော့မည်ဟု သတင်းများထွက်ပေါ်
စက်တင်ဘာ ၂၀၊ အင်္ဂလန်
မန်ယူအသင်း၏ ဆိုးရွားသော ရလဒ်များကြောင့် နည်းပြမော်ရင်ဟိုသည် အသင်းခေါင်းဆောင်ရွန်နီကို ပထမ ကစားသမား ၁၁ ဦးစာရင်းမှ ထုတ်ပယ်တော့မည်ဟု သတင်းများထွက်ပေါ်လျက် ရှိသည်။
မန်ယူအသင်းသည် မန်စီးတီး၊ ဖီယင်နုနှင့် ၀က်ဖို့ဒ်အသင်းတို့ကို ဆက်တိုက်ရှုံးနိမ့်ထားပြီး နည်းပြမော်ရင်ဟိုနှင့် တစ်သင်းလုံးမှာ ဖိအားများနှင့် ရင်ဆိုင်ရလျက် ရှိသည်။
ထို့ကြောင့် မော်ရင်ဟိုသည် ပရီးမီးယားလိဂ်ပွဲစဉ် ၆ တွင် ရင်ဆိုင်ရမည့် ချန်ပီယံလက်စတာအသင်းနှင့် ပွဲစဉ်၌ ရွန်နီကို ပွဲထွက်စာရင်းမှ ချန်လှပ်ရန် စီစဉ်လျက် ရှိနေသည်ဟု သတင်းများက ဆိုသည်။
ရုပ်သံအစီအစဉ် ကြေညာသူများအဖြစ် ဆောင်ရွက်လျက်ရှိသော နာမည်ကြီး ပရီးမီးယားလိဂ် ကစားသမား ဟောင်းများ ဖြစ်သည့် မာတင်ကီယွန်၊ ဂျေမီရက်နက်နှင့် ခရစ္စဆက်တန်တို့ကလည်း မော်ရင်ဟို၏ နေရာတွင် ဂွါဒီယိုလာသာ ဆိုပါက အခုအချိန်တွင် ရွန်နီကို အရန်ခုံသို့ ပို့လိုက်လိမ့်မည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြသည်။
မန်ယူအသင်းသည် ယခုနှစ်တွင် ပေါ့ဂ်ဘာအား ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ၀ယ်ယူထားသည့်အပြင် အမ်ခီတာရန်၊ အီဗရာဟီမိုဗစ်ခ်ျ၊ ဘေလီစသည့် ကစားသမားကောင်းများကို ခေါ်ယူထားသော်လည်း ရလဒ် ကောင်းများ ရရှိရန် ရုန်းကန်နေရခြင်းကြောင့် ဝေဖန်မှုများနှင့် ရင်ဆိုင်ရလျက် ရှိသည်။
Ref; Daily Mail