AGTI သင်တန်းအတွက် အစိုးရနည်းပညာ ကောလိပ်နှင့် စက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်းမှ ကျောင်းသား ၃၀၀၀ ကျော်ခေါ်မည်

ယခုပညာသင်နှစ်အတွက် အစိုးရနည်း ပညာ ကောလိပ်နှင့်စက်မှုလက်မှုသိပ္ပံ ၂၂ ကျောင်းမှ AGTI သင်တန်း များအတွက် ကျောင်းသားကျောင်းသူ ၃၀၀၀ ကျော် ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် အစိုးရနည်းပညာကောလိပ်နှင့် စက်မှုလက်မှုသိပ္ပံတို့မှ မြို့ပြအင်ဂျင်နီယာ သင်တန်း၊ အီလက်ထရွန် နစ်အင်ဂျင်နီယာသင်တန်း၊ လျှပ်စစ် စွမ်းအားအင်ဂျင်နီယာသင်တန်း၊ စက်မှု အင်ဂျင် နီယာသင်တန်းများ ဖွင့်လှစ်သွားမည်ဖြစ်ပြီး ကျောင်းအလိုက် သင်တန်းသားသင်တန်းသူ ၁၆၀ ခန့် ခေါ်ယူရန် လျာထားကြောင်း စက်မှုနည်းပညာနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ သိရသည်။

“ကျောင်းတစ်ကျောင်းကို အယောက် ၁၆၀ စီနဲ့ခေါ်ယူမှာပါ။ တက္ကသိုလ်ဝင်တန်းရမှတ်မလိုပါဘူး။ လျှောက်တဲ့ နေရာမှာတော့ ထည့်ပြီးလျှောက်တာတော့ လုပ်ရမှာပေါ့။ အဓိကက သင်္ချာ၊ အင်္ဂလိပ် ရမှတ်ပေါင်း ၁၅၀ လောက်ရ တယ်ဆိုရင် တက်ရောက်ခွင့်ရရှိနိုင်ပါတယ်။ မနှစ်ကလည်း နှစ်ဘာသာပေါင်း ၁၅၀ လောက်နဲ့ ဖြတ်ထားတာပါ” ဟု စက်မှုနည်းပညာနှင့် ပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာနမှ အကြီးတန်းအရာရှိတစ်ဦးက စက်တင်ဘာ ၁၈ ရက်က ဒီမိုကရေစီတူဒေး သတင်းစာသို့ ပြောကြားသည်။

ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများလျှောက်ထားနိုင်မည်ဖြစ်ပြီး လျှောက်လွှာများစတင် ထုတ်ပေး ခြင်းနှင့် လျှောက်ထားခြင်းကို အောက်တိုဘာ ၂၀ ရက်မှ နိုဝင်ဘာ ၁၀ ရက်အထိ လက်ခံဆောင်ရွက်မည် ဖြစ် ကြောင်း၊ ကျောင်းသားကျောင်းသူများကို သင်္ချာနှင့် အင်္ဂလိပ်စာနှစ် ဘာသာရမှတ်များဖြင့် ၀င်ခွင့်ပြုမည်ဖြစ်ပြီး၊ အစိုးရနည်းပညာအထက်တန်းကျောင်းများမှ အောင်မြင်သူများကိုလည်း လက်ခံပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျောင်းဝင်ခွင့်များကို နိုဝင်ဘာလ၌ စိစစ်ဆောင်ရွက်မည်ဖြစ်ပြီး နိုဝင်ဘာ ၂၅ ရက်တွင် ၀င်ခွင့်ရသူ များအား ကြေညာပေးသွားမည်ဖြစ်ကြောင်း၊ ယခုပညာသင်နှစ်အတွက် အစိုးရနည်းပညာကောလိပ်နှင့် အစိုးရစက်မှုလက်မှု သိပ္ပံများကို ဒီဇင် ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ် မည် ဖြစ်ကြောင်း သိရသည်။

ယခင်နှစ်က တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် အစိုးရနည်းပညာ ကောလိပ်နှင့် အစိုးရစက်မှုလက်မှု သိပ္ပံကျောင်း များမှ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၄၀၀ ကျော် ခေါ်ယူခဲ့ကြောင်း သိရသည်။

#Democracytoday


Leave a Reply