သြစတြေးလျနှင့်ပွဲတွင် ရလဒ်ကောင်းရရန် မျှော်မှန်းထားဟု မြန်မာ ယူ ၁၉ အသင်း နည်းပြ ပြော
(ဓာတ်ပုံ – MFF)
AFF VIETCOMBANK U-19 Championship 2016 ဘောလုံးပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ မြန်မာ့လက်ရွေးစင် ယူ ၁၉ ဘောလုံးအသင်းဟာ အုပ်စုဒုတိယ ပွဲစဉ်အဖြစ် သြစတြေးလျအသင်းနှင့် စက်တင်ဘာ ၁၄ ရက်မှာ ယှဉ်ပြိုင် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် ရလဒ်ကောင်းရရန် မျှော်မှန်းထားတယ်လို့ သိရပါတယ်။
“ပွဲဦးထွက်မှာ ကစားသမားတွေမှာထားတဲ့အတိုင်း အကောင်းဆုံးကစားနိုင်ခဲ့တယ်။ လိုချင်တဲ့ အနိုင်သုံးမှတ်လဲ ရခဲ့တယ်။ ဒုတိယပွဲအဖြစ် ကစားရမယ့် သြစတြေးလျအသင်းက တောင့်တင်းကြံ့ခိုင်တဲ့အသင်းတစ်သင်းပါ။ သူတို့ ကစားထားတဲ့ ပွဲကိုလဲ ကြည့်ထားပြီးပါပြီ။ ဒီပွဲမှာလဲ အနိုင်ရဖို့ မျှော်လင့်ထားပါတယ်”လို့ မြန်မာ ယူ ၁၉ အသင်း နည်းပြ ဦးမျိုးလှိုင်ဝင်းက ပြောပါတယ်။
မြန်မာအသင်းက အုပ်စု ပထမပွဲစဉ်မှာ အင်ဒိုနီးရှားအသင်းကို (၃-၂) ဂိုးဖြင့် အနိုင်ရရှိထားသလို သြစတြေးလျ အသင်းကလည်း ပွဲဦးထွက်မှာ ကမ္ဘောဒီးယား အသင်းကို (၂-၀) ဂိုးဖြင့် အနိုင်ရထားပါတယ်။
အာဆီယံ ယူ-၁၉ ချန်ပီယံရှစ်ဘောလုံးပြိုင်ပွဲ၊ အုပ်စု(ခ) မှာ မြန်မာ ယူ ၁၉ အသင်းဟာ ထိုင်း၊ လာအို၊ သြစတြေးလျ၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယားအသင်းတို့နှင့် တစ်အုပ်စုထဲ ကျရောက်နေပြီး လက်ရှိအချိန်တွင် တစ်ပွဲကစား၊ တစ်ပွဲ နိုင် ရမှတ်သုံးမှတ်နဲ့ အမှတ်ပေးဇယား ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။
မြန်မာအသင်းနှင့် သြစတြေးလျအသင်းတို့ပွဲကို စက်တင်ဘာ ၁၄ ရက်၊ မြန်မာစံတော်ချိန် ညနေ ၃း၃၀ မှာ ဟန်ဒေးဘောလုံးကွင်းတွင် ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။
မြန်မာအသင်းနှင့် သြစတြေးလျအသင်းတို့ပွဲစဉ်ကို Youtube မှ တိုက်ရိုက်ပြသမယ်လို့ သိရပါတယ်။
Source: Myanmar Football Federation