ဖွံ့ဖြိုးမှုနည်းသည့် မြို့နယ်များတွင် ရွေ့လျား အိုင်စီတီစင်တာများ ဖွင့်လှစ်မည်
ရန်ကုန်တိုင်းဒေသကြီးရှိ ဖွံ့ဖြိုးမှု အနည်းဆုံးမြို့နယ်များတွင် ရွေ့လျားအိုင်စီတီနည်းပညာ လေ့လာနိုင်သည့် စင်တာ (Mobile ICT Learning Center)များ ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။ ရန်ကုန်တိုင်း ဒေသကြီးကွန် ပျူတာပညာရှင်အသင်းနှင့် လုပ်ငန်းရှင်အသင်းတို့ပူးပေါင်း၍ အဆိုပါ Mobile ICT Learning Center ကို တည်ထောင်ခဲ့ပြီး လာမည့် အောက်တိုဘာ ၁ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး၏ ဖွံ့ဖြိုးမှု ဒုတိယ အနည်းဆုံးမြို့နယ် ထန်းတပင်၌ စတင် ဖွင့်လှစ် သင်ကြားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းဥက္ကဋ္ဌ ဦးမင်းဦးက ပြောသည်။
‘‘အောက်တိုဘာ ၁ ရက်မှာ စတင်မယ်။ ရန်ကုန်တိုင်းဒေသ ကြီးရဲ့ ဖွံ့ဖြိုးမှုဒုတိယအနည်းဆုံး ဖြစ်တဲ့ ထန်းတပင် မြို့နယ်က စမယ်။ ဖွံ့ဖြိုးမှုအနည်းဆုံးက ကိုကိုးကျွန်း ဖြစ်နေတယ်။ ကိုကိုးကျွန်းကိုတော့ ကွန်တိန်နာက ဘယ်လိုမှ မရောက်နိုင်ဘူး။ အဲဒါကြောင့် ဖွံ့ဖြိုးမှုဒုတိယအနည်းဆုံး ထန်းတပင်က စပြီးလုပ်မှာ’’ဟု ဦးမင်းဦးက ရှင်းပြသည်။
ယင်းရွေ့လျားအိုင်စီတီနည်း ပညာလေ့လာနိုင်သည့် စင်တာမှာ ကွန်တိန်နာတစ်ခုအဖြစ် တည်ဆောက်ထားပြီး အထဲတွင် လက်ပ်တော့ ၁၆ လုံး၊ နည်းပညာ သင်ကြားနိုင်သည့် ကွန်ရက်စနစ်နှင့် ဆိုလာ ပြားများ တပ်ဆင်ထား သည်ကို တွေ့ရသည်။ အဆိုပါကွန်တိန်နာဖြင့် ထန်းတပင်မြို့နယ်တွင် သုံးလကြာအခြေစိုက်၍ နေ့စဉ် သင်တန်းပို့ချမှုများ ပြုလုပ်မည်ဖြစ်ပြီး အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများနှင့် အိုင်စီတီနည်းပညာကို စိတ်ဝင်စားမှုရှိသော ဒေသခံများအား ဦးစားပေးသင်ကြားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာ ပညာရှင် အသင်းမှ သတင်းရရှိသည်။
ယင်းကဲ့သို့ ရွေ့လျားအိုင်စီ တီနည်းပညာလေ့လာနိုင်သည့် စင်တာ၌ သင်ကြားပို့ချမည့် သင်ရိုးညွှန်းတမ်းကို ရေးဆွဲပြဋ္ဌာန်းထားပြီး လေ့ကျင့်သင်ကြားနိုင်သူ ငါးဦးအား လုပ်အားပေးအဖြစ် လိုက်ပါနိုင်ရန် လျှောက်လွှာ ခေါ်ယူထားကြောင်း ဦးမင်းဦးက ပြောသည်။ ‘‘အဲဒီမှာ သွားရောက်သင်ကြားပေးနိုင်မယ့် ထရိန်နာတွေ၊ လုပ်အား ပေးတွေ ဖိတ်ခေါ်ထားတယ်။ စက်တင်ဘာ ၁၆ ရက် နောက်ဆုံးထား လျှောက်ထားနိုင်တယ်။
ဘယ်သူမဆို လျှောက်ထားနိုင်တယ်။ စိတ်ဝင်စားမယ်ဆိုရင် လာလျှောက်ပါ။ ဟိုမှာနေဖို့၊ စားဖို့ စီစဉ်ပေးမယ်။ ပြီးရင်လည်း အသင်းတွေက ထပ်မံဂုဏ်ပြုမှာပါ။ စာသင်ကြားဖူးတဲ့ အတွေ့အကြုံတော့ ရှိဖို့ လိုတာပေါ့’’ဟု ၎င်းကဆိုသည်။ ကွန်တိန်နာဖြင့် ရွေ့လျားအိုင်စီတီနည်းပညာသင်ကြားပို့ချခြင်းကို ရန်ကုန်တိုင်း ဒေသကြီး ၏ ဖွံ့ဖြိုးမှု အနည်းဆုံး မြို့နယ်များ၌ဆက်လက်ပြုလုပ်မည်ဟု သတင်းရရှိသည်။