9/11 အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၅ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပ
အမေရိကန်ပြည်ထောင်စုမှာ ၂၀၀၁ ခုနှစ်၊ စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်ခံရမှု ၁၅ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားတွေကို စက်တင်ဘာ ၁၁ ရက်က နိုင်ငံတ၀န်း ကျင်းပခဲ့ကြပါတယ်။
နယူးယောက်မြို့မှာတော့ ပြန်ပေးဆွဲ တိုက်ခိုက်ခံရတဲ့ လေယာဉ် ၄ စီးနဲ့ ပြိုကျခဲ့တဲ့ ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦ ၂ ခုအတွက် အလေးပြု ငြိမ်သက်ခြင်း ၆ ကြိမ် လုပ်ဆောင်ခဲ့ကြပါတယ်။
အမေရိကန် သမ္မတလောင်းတွေဖြစ်တဲ့ ဒေါ်နယ်ထရမ့်နဲ့ ဟီလာရီကလင်တန်တို့လည်း ကမ္ဘာ့ကုန်သွယ်မှု အဆောက်အဦ နေရာဟောင်းမှာ ကျင်းပတဲ့ အောက်မေ့ဖွယ်ခမ်းအနားမှာ တက်ရောက်ခဲ့ပါတယ်။
အမေရိကန်သမ္မတ အိုဘားမားဟာ အိမ်ဖြူတော်မှာကျင်းပတဲ့ အောက်မေ့ဖွယ် အခမ်းအနားမှာ ကမ္ဘာ့ကုန်သွယ်မှု မိုးမျှော်အဆောက်အဦ လေယာဉ်နဲ့ တိုက်ခိုက်ခံရတဲ့အချိန် မနက် ၈ နာရီ ၄၆ မိနစ်တိတိမှာ တမိနစ်ငြိမ် အလေးပြုခဲ့ပြီး အဲ့ဒီကနေ ပင်တဂွန်စစ်ဌာနချုပ်က အောက်မေ့ဖွယ် အခမ်းအနားမှာ မိန့်ခွန်းပြောဆိုခဲ့ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်ခံရမှုတွေ အတွင်း လူ ၃၀၀၀ လောက် သေဆုံးခဲ့ကြပါတယ်။
အကြမ်းဖက်တိုက်ခိုက်သူ ၁၉ ဦးမှာ ၁၅ ဦးဟာ ဆော်ဒီနိုင်ငံသားတွေ ဖြစ်ကြပါတယ်။
တိုက်ခိုက်မှုအပြီး ၁ နှစ်အကြာမှာ လွတ်လပ်တဲ့ စုံစမ်းမှုကော်မရှင်ရဲ့ 9/11 အစီရင်ခံစာ ထုတ်ပြန်ခဲ့ပြီး အစီရင်ခံစာပါ စာမျက်နှာ ၂၈ မျက်နှာကို ၁၃ နှစ်ကြာ လျှို့ဝှက်ထားခဲ့လို့ အငြင်းပွားမှုတွေလည်း ဖြစ်ခဲ့ပါတယ်။
9/11 တိုက်ခိုက်မှုတွေကို ဆော်ဒီမှာ နေထိုင်သူတွေက ငွေကြေးထောက်ပံ့မှုတွေ ပေးခဲ့နိုင်တယ်ဆိုတဲ့ အချက်တွေ ပါရှိတဲ့ စာမျက်နှာ ၂၈ မျက်နှာကို ၁၃ နှစ်ကြာ ပိတ်ထားခဲ့ပြီး အခုနှစ် ဇူလိုင်လကမှ အမေရိကန်အစိုးရက အများကို ဖတ်ခွင့်ပေးခဲ့တာပါ။
(ရိုက်တာ)