ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ ဥက္ကဌ ဦးသန်းဌေးနှင့်အဖွဲ့ဝင်များ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေတွင် လုပ်အားပေးဆောင်ရွက်နေသည့် ပါတီဝင်များအား တွေ့ဆုံ အားပေးပြီး အလှူငွေများ သွားရောက်လှူဒါန်း
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဌ ဦးသန်းဌေးနှင့် ပါတီလုပ်ငန်း စီစစ်ရေး ကော်မတီဥက္ကဌ ဦးစိုးနိုင်၊ ဗဟိုအလုပ်အမှုဆောင် ဦးမြင့်စိုး နှင့် ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်း တို့သည် ယနေ့ (၈- ၉-၂၀၁၆) ရက်နေ့ နံနက်ပိုင်း (၁၀၃၀) ချိန်တွင် ပုဂံ ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေသို့ ရောက်ရှိခဲ့ပါသည်။
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ သဘာဝဘေးအန္တရာယ်ကြောင့် ပျက်ဆီး ချို့ယွင်းခဲ့သော ဘုရားပုထိုးများအား သန့်ရှင်းရေး လုပ်အားပေးနေသော မကွေးတိုင်း ဒေသကြီး (၈) မြို့နယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် (၅၃၀) ကျော်မှ လုပ်အားပေးဆောင်ရွက်မှုအား ကိုယ်တိုင်ကိုယ်ကျ ပါဝင်လုပ်အားပေးခဲ့ပြီး အားပေးစကားများ ပြောကြားခဲ့ပါသည်။
ပါတီဥက္ကဋ္ဌ ဦးသန်းဌေးမှ ပါတီဝင်များအား အားပေးစကားပြောကြားရာတွင် ရပ်ဝေးမှ လာရောက် လုပ်အားပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ တိုင်းပြည်မှာ မည်သည့် သဘာဝဘေးအန္တရာယ် ကျရောက်လာပါက မည့်သည့်ညွှန်ကြားချက်မှ စောင့်နေစရာမလိုဘဲ သွားရောက်ကူညီရမည်မှာ မိမိတို့ ပြည်ခိုင်ဖြိုးပါတီဝင်များမှ သိရှိထားရမည်ဖြစ်ကြောင်း၊ ပါတီဌာနချုပ်မှလည်း လိုအပ်သည့်ပံ့ပိုးမှုများကို ယခုလို လိုက်လံအားပေး ပံ့ပိုးသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
၎င်းနောက် ပုဂံရှေးဟောင်းယဉ်ကျေးမှုဦးစီးဌာန တာဝန်ရှိသူများထံ သွားရောက်တွေ့ဆုံပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ပါတီအသီးသီးမှ ပေးပို့လှူဒါန်းငွေ ကျပ် ၁၀၁၁၅ ၀၀၀ အား ပေးအပ်လှူဒါန်းခဲ့ပါသည်။