ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လောင်းအဖြစ် ပေါ်တူဂီနိုင်ငံမှ ဂူတာရီးစ် တတိယအကြိမ် မဲအများဆုံးရရှိ

ကုလသမဂ္ဂ၊ သြဂုတ် ၃၀ ပေါ်တူဂီဝန်ကြီးချုပ်ဟောင်း အန်တိုနီယိုဂူတာရီးစ်သည် သြဂုတ် ၂၉ ရက်ကပြုလုပ်သော တတိယအကြိမ်ကောက်ယူသော စစ်တမ်းများအရ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နေရာ၌ လူကြိုက်များနေဆဲဟု သိရှိရသည်။ ဂူတာရီးစ်သည် လုံခြုံရေးကောင်စီဝင် ၁၅ ဦး မဲတွင် ၁၁ မဲရရှိခဲ့ပြီး၊ ကန့်ကွက်မဲ သုံးမဲနှင့် ကြားနေမဲ တစ်မဲ တို့ရရှိခဲ့သည်ဟု သိရှိရသည်။

14100386_1264665496886294_788808840233601390_n

လက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဖြစ်သူ ဘန်ကီမွန်းသည် ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် တာဝန်ထမ်းဆောင်နှစ် ၁၀ နှစ်ပြည့်မြောက်ကာ အနားယူရမည် ဖြစ်သည်။ အသက် ၆၇ နှစ်ရှိပြီဖြစ်သော ဂူတာရီးစ်သည် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ အကြီးအကဲအဖြစ် ၁၀ နှစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လောင်းအဖြစ် စာရင်းတင်သွင်းခံရသူ ဂူတာရီးစ်သည် ပထမအကြိမ်တွင် ထောက်ခံမဲ ၁၂ မဲ၊ ကန့်ကွက်မဲသုံးမဲရရှိခဲ့ သည်။ ဒုတိယအကြိမ်တွင် ထောက် ခံမဲ ၁၁ မဲ၊ ကန့်ကွက်မဲနှစ်မဲ၊ ကြားနေမဲ နှစ်မဲ ရရှိခဲ့သည်။ “သူက ဆက်လက်ပြီး မဲအများ ဆုံးရရှိနေပါတယ်” ဟု အမည်မဖော်လိုသူ လုံခြုံရေးကောင်စီဝင် တစ်ဦးက ပြောဆို လိုက်သည်။

အလားတူ အမည်စာရင်းတင်သွင်းထားသူ ဆလိုဗက်နိုင်ငံခြားရေးဝန်ကြီး မီရိုဆလပ်လက်ကက်သည် ထောက်ခံမဲ ကိုးမဲ၊ ကန့်ကွက်မဲငါးမဲ၊ ကြားနေတစ်မဲ ဖြင့် ဒုတိယ နေရာသို့ ရောက်ရှိလာခဲ့သည်။ ယခင်အပတ် မဲကောက်ယူ စဉ်က ၎င်း၏အမှတ်စဉ်သည် (၆) ဖြစ်သည်။ လုံခြုံရေးကောင်စီဝင် ၁၅ ဦးအနက် အမြဲတမ်းအဖွဲ့ဝင်ငါးနိုင်ငံ ဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှားနှင့် အမေရိကန်နိုင်ငံ အဖွဲ့ဝင်များက အထွေထွေအတွင်းရေးမှူးချုပ် အမည်စာရင်း တင်သွင်းထားသူများအား မဲပုံး သုံးပုံးထောင်ကာ တံခါးပိတ်ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

လုံခြုံရေးကောင်စီဝင်များသည် အောက်တိုဘာလ အထွေထွေညီလာခံကျင်းပပြီးစီးချိန်တွင် အတွင်းရေးမှူးချုပ် အသစ်ကို အပြီးသတ်ရွေးချယ် ပေးမည်ဖြစ်သည်။ ယူနက်စကိုအဖွဲ့ လက်ရှိအကြီးအကဲဖြစ်သူ ဘူလ်ဂေးရီးယားနိုင်ငံမှ အီရစ်နာ ဘိုကိုဗာနှင့် ဆားဘီးယား နိုင်ငံခြားရေး ၀န်ကြီးဟောင်း ဗုစ်ဂျယ် ရယ်မစ်တို့နှစ်ဦးသည် ထောက်ခံမဲ ခုနစ်မဲ၊ ကန့်ကွက်မဲ ငါးမဲ၊ ကြားနေ မဲသုံးမဲစီဖြင့် အရေအတွက် တူဖြစ်နေ ကြ သည်။ ပထမအကြိမ်ရွေးပွဲတွင် ထိပ်ဆုံးနေရာတွင် ရောက်ရှိခဲ့ သူ ဆလိုဗေးနီးယားသမ္မတဟောင်း ဒယ် နီလိုတာ့(က်)သည် ယခု တတိယအကြိမ် ရွေးချယ်ပွဲ၌ ထောက်ခံမဲငါးမဲ၊ ကန့်ကွက်မဲခြောက်မဲ၊ ကြားနေမဲ လေးမဲဖြင့် နောက်ဆုံး နေရာသို့ရောက်ရှိခဲ့သည်။

ရုရှားကမူ ယခုတစ်ကြိမ် အတွင်းရေးမှူးချုပ်သည် ဥရောပအရှေ့ပိုင်းမှ အမည်စာရင်းတင်သွင်းသူများထဲမှ ရရှိစေလို သော်လည်း တခြားနိုင်ငံများမှ အရည်အချင်း ရှိသူများ အရွေးချယ်ခံရပါကလည်း လက်ခံရမည်သာဖြစ်သည်ဟု ပြောဆိုခဲ့သည်။ အတွင်းရေးမှူးချုပ် အမည်စာရင်းတင်သွင်းခံရသူ ၁၀ ဦးရှိနေပြီး ခြောက်ဦးသည် အရှေ့ဥရောပနိုင်ငံ သားများနှင့် ငါးဦးသည် အမျိုးသမီးများဖြစ်ကြသည်။

Ref: AFP


Leave a Reply