၂၁ ရာစု ပင်လုံညီလာခံသို့ ရွေးကောက်ပွဲအနိုင်မရပါတီများ ကိုယ်စားလှယ်ငါးဦးသာရွေးချယ်ခွင့်နှင့် နိုင်ငံရေးပါတီ များ အစုအဖွဲ့တွင် ပါဝင်ခွင့်မရခြင်းကို ကန့်ကွက်
၂၁ ရာစုပင်လုံညီလာခံတွင် ရွေးကောက်ပွဲအနိုင်မရရှိခဲ့သည့် နိုင်ငံရေးပါတီ ၇၀ မှ ငါးဦးသာ ရွေးချယ်၍ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့တွင် ပါဝင်ဆွေးနွေးရန် အစီအစဉ်ကို ကန့်ကွက်ကြောင်း ၂၀၁၅ ရွေးကောက်ပွဲ၌ အနိုင် မရရှိခဲ့သည့်ပါတီများက ထုတ်ပြန်ကြေညာသည်။
၂၁ ရာစုပင်လုံညီလာခံတွင် နိုင်ငံရေးပါတီအစုအဖွဲ့တွင် ရွေးကောက်ပွဲအနိုင်ရပါတီများမှ ကိုယ်စားလှယ် ၁၅၀ ဦး တက်ရောက်ဆွေးနွေးခွင့် ရရှိမည်ဖြစ်သည်။ ရွေးကောက်ပွဲအနိုင်မရရှိသည့်ပါတီများကိုမူ နိုင်ငံရေးပါတီ အစုအဖွဲ့ တွင် ပါဝင်ခွင့်မပေးထားဘဲ ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့တွင် ငါးဦးသာပါဝင် ခွင့်ပေးထားသည်။
၂၁ ရာစု ပင်လုံညီလာခံတက်ရောက်ရန် အနိုင်မရပါတီများမှ ငါးဦးရွေးချယ်မည့် အစည်းအဝေးကို ဩဂုတ် ၂၃ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သည်။ အစည်းအဝေးသို့ ပါတီ ၃၀ ခန့်မှ ခေါင်းဆောင်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံကို ထောက်ခံကြိုဆိုကြောင်း ယင်းပါတီများက ကြေညာချက် ထုတ်ပြန် သည်။
သို့သော် ပါတီ ၇၀ မှ ငါးဦးကိုသာ ရွေးချယ်၍ နိုင်ငံရေးပါတီအစုအဖွဲ့တွင် ပါဝင်ရန်မဟုတ်ဘဲ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့၌ ပါဝင်ရန်အစီအမံပြုလုပ်ခြင်းဖြစ်၍ ပါတီများကို ခွဲခြားဆက်ဆံသည့် အစီအစဉ်ကို အပြင်းအထန်ကန့်ကွက်ကြောင်း အဆိုပါပါတီများက အစည်းအဝေးအပြီးတွင် ထုတ်ပြန်သည်။
ပါတီများ၏ သဘောထား ကြောင့် မူလအစီအစဉ်အတိုင်း ကိုယ်စားလှယ်ရွေးချယ်နိုင်ခြင်းမရှိဘဲ အစည်းအဝေးကို ရုပ်သိမ်းခဲ့ရကြောင်း ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
ပင်လုံညီလာခံကျင်းပရေး ပူးတွဲကော်မတီ နိုင်ငံရေးပါတီအစုအဖွဲ့မှ ဥက္ကဋ္ဌ ဦးသုဝေက အနိုင်မရပါတီများမှ ငါးဦးကို ပါဝင်သင့်ပါဝင်ထိုက်သူများ အစုအဖွဲ့တွင် ပါဝင်စေမည့်အပြင် ပါတီအားလုံးမှ တစ်ဦးစီကို ၂၁ ရာစု ပင်လုံညီလာခံ ဖွင့်ပွဲအခမ်းအနား တက်ရောက်ရန် ဖိတ်ကြားမည်ဖြစ်ကြောင်း 7Day Daily သတင်းစာအား ပြောကြားထားသည် ဟုသိရသည်။
# 7 Day Daily