ကိုလံဘီယာအစိုးရနှင့် ဖာ့စ်သူပုန်များ သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီချက် လက်မှတ်ရေးထိုး

ကိုလံဘီယာအစိုးရ နှင့် ဖာ့စ်သူပုန်အဖွဲ့သည် သမိုင်းဝင်ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးကာ ဆယ်စုနှစ် ငါးခုကြာ ပဋိပက္ခကို အဆုံးသတ်လိုက်သည်။ နှစ်ဖက်စလုံးက တည်မြဲ၊ တည်တံ့သော ငြိမ်းချမ်းမှု တည်ဆောက်ရေး၊ ပဋိပက္ခအတွင်း ထိခိုက်နစ်နာခဲ့သူများအတွက် တရားမျှတမှု ဆောင်ကြဉ်းပေးရေး၊ လူမှုရေးဆိုင်ရာ ချန်လှပ်ခံထားရမှုတို့ကို အတူတကွ ဖြေရှင်းရေး သဘောတူခဲ့ကြသည်။
ယင်းကြေညာချက်ကို၂၀၁၂ နိုဝင်ဘာကတည်းက စတင်ခဲ့သော ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ကျင်းပရာ ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားမြို့တွင် ကြေညာခဲ့ခြင်း ဖြစ်သည်။ နှစ်ပေါင်း (၅၀)ကျော်ကြာ ဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် လူပေါင်း နှစ်သိန်းနှစ်သောင်းခန့် သေဆုံးခဲ့ပြီး လူသန်း ပေါင်းများစွာ ထွက်ပြေးခဲ့ရသည်။
ယခုသဘောတူညီမှုကို ကျူးဘားနိုင်ငံတွင် ကျင်းပသော အခမ်းအနားတစ်ရပ်၌ ကိုလံဘီယာအစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဟမ်ဘာတိုဒီလာကယ်လီနှင့် ဖာ့စ်သူပုန်ညှိနှိုင်းရေး အဖွဲ့ခေါင်းဆောင် အီဗန် မားကွတ်ဇ် တို့က လက်မှတ်ရေးထိုးခဲ့ကြခြင်းဖြစ်သည်။
၎င်းတို့နှစ်ဖက်ကြား ဇူလိုင်က နှစ်ဦးနှစ်ဖက်အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတစ်ရပ် လက်မှတ်ရေးထိုးခဲ့ သောကြောင့် အပြီးသတ် သဘောတူညီမှုအ တွက် လမ်းပွင့်သွားခဲ့သည်။
ယခုကဲ့သို့ ငြိမ်းချမ်းရေး သဘောတူညီမှုရရှိခဲ့ခြင်းကြောင့် ကိုလံဘီယာသမ္မတ ဟွန်မန်နူရယ်ဆန်းတို့စ်ထံသို့ အမေရိကန် သမ္မတ ဘားရက်အိုဘားမားက ဖုန်းဖြင့်ဆက်သွယ်၍ ချီးကျူးဂုဏ် ပြုခဲ့သည်။
ယင်းသဘောတူညီမှုပါ သတ်မှတ်ချက်များအရ ဖာ့စ်သူ ပုန်များက ၎င်းတို့၏ လက်နက်ကိုင်တော်လှန်မှုကို စွန့်လွှတ်ပြီး တရားဝင် နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်လာမည်ဖြစ်သည်။
လက်ဝဲစွန်း ဖာ့စ်သူပုန်များ သည် ကိုလံဘီယာအစိုးရကို ၁၉၆၄ ကတည်းက တိုက်ခိုက်ခဲ့ရာ လက်တင်အမေရိက၏ အရှည် ကြာဆုံး ပဋိပက္ခတစ်ခု ဖြစ်ခဲ့ သည်။
—Ref: BBC