အိန္ဒိယတွင် ရေလွှမ်းမိုးမှုကြောင့် လူအများအပြား သေဆုံးကာ လူထောင်ပေါင်းများစွာ ဘေးလွတ်ရာ ရွှေ့ ပြောင်း
အိန္ဒိယနိုင်ငံ၏ မြစ်အတော်များများသည် စိုးရိမ်ရေမှတ်ကို ကျော်လွန်ခဲ့ပြီးနောက် ဒေသအများအပြား၌ ရေလွှမ်းမိုး မှုများဖြစ်ပွားနေကြောင်း သိရသည်။ မတ်ဒယာ ပရာဒေ့ရှ် ပြည်နယ်တွင် ရေလွှမ်းမိုးမှုများနှင့် ဆက်စပ်၍ လူ(၁၇)ဦး ထက်မနည်း သေဆုံးခဲ့သည်။ ထို့အပြင် နိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ ခရိုင်ဒါဇင်များစွာ ရေလွှမ်းမိုးမည့် အန္တရာယ်ရှိနေသောကြောင့် လူ(၁၅၀၀၀)ခန့်ကို ၎င်းတို့၏ နေအိမ်များမှ ရွှေ့ပြောင်းပေးခဲ့ရသည်။
အိန္ဒိယနိုင်ငံတွင် ဇွန်လမှ စက်တင်ဘာလအထိ မုတ်သုံရာသီအတွင်း ယခုကဲ့သို့ ရေကြီးရေလျှံမှုများ နှစ်စဉ်ကြုံရ လေ့ရှိသည်။ သို့ရာတွင် ယခုနှစ် မိုးရွာသွန်းမှုသည် လွန်လွန်ကဲကဲ များပြားခဲ့သည့်အတွက် နိုင်ငံ၏ အဓိကမြစ်ကြီး များတွင် စိုးရိမ်ရေမှတ်အထက်အထိ မြင့်တက်ခဲ့ကာ ဒေသအတော်များများ ရေလွှမ်းမိုးမှုကြုံခဲ့ရသည်။ ဘီဟာ ပြည်နယ်ရှိ မြစ်ခြောက်စင်းထက်မနည်း စိုးရိမ်ရေမှတ်အထက်ရောက်ရှိခဲ့ကာ ပြန်လည်ထူထောင်ရေးစခန်း (၈၀) ကျော်တွင် လူထောင်ပေါင်းများစွာ ခိုလှုံနေခဲ့ရသည်ဟု သတင်းများတွင် ဖော်ပြသည်။ မြစ်ရေလျှံတက်မှုကြောင့် ကမ်းနားတစ်လျှောက်နေထိုင်သူများသည် ရေမြုပ်နေသော အိမ်များ၊ တဲများ၏ ခေါင်မိုးပေါ်တက်နေကြရကာ ၎င်းတို့ကို ခိုလှုံရေးစခန်းများသို့ ခေါ်ဆောင်ပေးခဲ့ရသည်။
“ကျွန်တော်တို့ဒုက္ခတော်တော်ရောက်နေပါပြီ။ အရာအားလုံး ရေမြုပ်ခံလိုက်ရပြီး သောက်ရေ၊ စားစရာနဲ့ လှေတွေ စီစဉ်ပေးထားတာလည်း မရှိသေးပါဘူး။ ဘာတွေဖြစ်ကုန်မှန်းကို ကျွန်တော်တို့မသိတော့ပါဘူး။´´ဟု ပတ္တနာမြို့မှ ဒေသခံတစ်ဦးက ရိုက်တာသို့ ပြောခဲ့သည်။
ဘီဟာပြည်နယ်၏ အိမ်နီးချင်း ဥတာပရာဒေ့ရှ်ပြည်နယ်တွင်လည်း ဂင်္ဂါမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်ရောက်ရှိ ခဲ့ကာ အနိမ့်ပိုင်းဒေသတွင် နေထိုင်သူများသည် ကုန်းမြင့်နေရာများသို့ ရှောင်ပြေးခဲ့ကြရသည်။
Ref:BBC