မြန်မာ့ဒီမိုကရေစီနေ့ သတ်မှတ်ရေး ယခုလ တတိယပတ်တွင် ဆွေးနွေးမည်

သြဂုတ် ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အဖြစ် တရားဝင်သတ်မှတ်ပေးရေးနှင့်ပတ်သက်၍ ယခုလ တတိယ ပတ်တွင် ဆွေးနွေးသွားမည်ဖြစ်ကြောင်း (၂၈)နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနား ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။

ယခုလတတိယပတ်တွင် (၂၈) နှစ် မြောက်ရှစ်လေးလုံးဒီမိုကရေစီ အရေးတော်ပုံအခမ်းအနား၏ ငွေစာရင်း ရှင်းလင်းမှုနှင့် သြဂုတ် ၈ ရက်နေ့ကို မြန်မာ့ဒီမိုကရေစီနေ့အ ဖြစ်သတ်မှတ်ရေးတို့နှင့် သက်ဆိုင်သည်များကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း (၂၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အခမ်းအနားဖြစ်မြောက် ရေးကော်မတီမှ ပြန်ကြားရေးတာဝန်ခံ ဦးအံ့ဘွယ်ကျော် က သြဂုတ် ၉ ရက်တွင် ဒီမိုကရေစီတူဒေးသို့ ပြောသည်။

“မြန်မာ့ဒီမိုကရေစီနေ့ တရားဝင်သတ်မှတ်ပေးရေးနဲ့ပတ်သက်လို့ ရှေ့ဆက်ဘယ်လိုပုံစံ နည်းလမ်းမျိုးနဲ့ ဆောင်ရွက်ကြမယ်ဆိုတာကို အားလုံးညှိနှိုင်းဆွေးနွေးပြီးမှပဲ ပြောလို့ရပါမယ်” ဟု ၎င်း က ပြောသည်။

မြန်မာ့ဒီမိုကရေစီနေ့ သတ်မှတ် ရေးမှာဖြစ်သင့်သောကိစ္စဖြစ်ကြောင်း တရားဝင်နေ့အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုမည့် အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်အပေါ် မူတည်၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်း တစ်ဦးဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရည်မွန် (ကဗျာဆရာမောင်တင်သစ်)က ပြောသည်။

“ကျွန်တော့်တစ်ဦးတည်း သဘောထားအရတော့ ပူးပေါင်းပါဝင် ဆောင်ရွက်သွားဖို့အသင့်ပါပဲ” ဟု ၎င်း က ပြောသည်။

နှစ်စဉ်သြဂုတ်လ ၈ ရက်နေ့ကို မြန်မာနိုင်ငံ၏ ဒီမိုကရေစီနေ့အဖြစ် အစိုးရက တရားဝင်အသိအမှတ်ပြုပေးရေးကို (၂၈) နှစ်မြောက် ရှစ်လေးလုံး ဒီမိုကရေစီ အရေးတော်ပုံအခမ်းအနားတွင် ယင်းဖြစ်မြောက်ရေးကော်မတီမှ ကြေညာ ချက်တစ်စောင်ထုတ် ပြန်ကာ တိုက်တွန်းခဲ့သည်။

၈၈ မျိုးဆက်ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းအနေဖြင့် ယခုအခါ ရှစ်လေးလုံးသမိုင်းပြတိုက် (ယာယီ) ကိုလည်း ဖွင့်လှစ်ထားပြီး တရားဝင်သမိုင်းပြတိုက်အဖြစ် ဖော်ဆောင်ရန်လည်း စီစဉ်နေ ကြောင်း သိရသည်။

‪#‎Democracytoday


Leave a Reply