“၀” အထူးဒေသ-၂ ၊ မိုင်းလားအထူးဒေသ-၄ တိုင်းရင်းသားခေါင်းဆောင်များမှပါတီဥက္ကဌ ဦးသိန်းစိန် အား လာရောက်တွေ့ဆုံ
(၃၀-၇-၂၀၁၆) ရက်နေ့ နံနက်ပိုင်း (၀၈၃၀)နာရီချိန်မှ (၀၉၃၀)နာရီချိန်ထိ “၀” အထူးဒေသ-၂ ဦးပေါက်ယူယီ ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ၊ မိုင်းလားအထူးဒေသ-၄ မှ ဦးစိုင်းလင်း ဦးဆောင်သော တိုင်းရင်းသား ကိုယ်စားလှယ်များ စုစုပေါင်းအင်အား (၈၀) ဦးခန့်သည် နေပြည်တော်ရှိ ပါတီဌာနချုပ်ရုံး ဧည့်ခန်းမဆောင်တွင် လာရောက်တွေ့ဆုံခဲ့ပါသည်။
ထိုသို့တွေ့ဆုံရာတွင် ပါတီဥက္ကဌ ဦးသိန်းစိန်နှင့်အတူ ဒုတိယဥက္ကဌ ဦးဌေးဦး ဗဟိုအကြံပေး ဦးသိန်းဇော်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးသက်နိုင်ဝင်း၊ ဗဟိုအလုပ်အမှုဆောင် သူရ ဦးမြင့်မောင် နှင့် ဗဟိုအတွင်းရေးမှူးအဖွဲ့များတတ်ရောက်ခဲ့ပါသည်။
ပါတီဥက္ကဌ ဦးသိန်စိန် မှပြောကြားရာတွင် တိုင်းရင်းသား ညီအကိုများကို ယခုလို တွေ့ဆုံရသည့်အတွက် များစွာ ၀မ်းမြောက်ရပါကြောင်း၊ နိုင်ငံတော် အစိုးရ တာဝန် ယူစဉ်က တိုင်းရင်းသားဒေသများကို ဖွံ့ဖြိုးရေးလုပ်ငန်းများအား ဦးစားပေး ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ယခုပါတီဥက္ကဌ တာဝန်ထမ်းဆောင်နေသည့် အတွက်လည်း တိုင်းရင်းသားဒေသများကို တတ်နိုင်သမျှ ပံ့ပိုးကူညီပေးသွားမှာ ဖြစ်ကြောင်း၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့အတွက် ပါတီသည် ကျရာအခန်းကဏ္ဍမှ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
တိုင်းရင်းသား ခေါင်းဆောင်များမှ ပြောကြားရာတွင် ပါတီဥက္ကဌ သည် နိုင်ငံတော်အစိုးရ တာဝန်ယူစဉ် က ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပံ့ပိုးကူညီခဲ့သည့် အတွက် ဒေသခံ တိုင်းရင်းသားများ၊ ၄င်းတို့ တိုင်းရင်းသားခေါင်းဆောင်များမှ အထူးကျေးဇူးတင်နေရပါကြောင်း၊ ဒေသဖံွံ့ဖြိုးရေးလုပ်ငန်းများသည် ယခင်ကနှင့် မတူ တိုးတက်လာခဲ့ ပါကြောင်း၊ လမ်းပန်းဆက်သွယ်ရေးများ ကောင်းမွန်လာခြင်း၊ ရေအားလျှပ်စစ်များ ရရှိလာခြင်းတို့သည် ပါတီဥက္ကဌ ဦးသိန်းစိန် နိုင်ငံတော်တာဝန်ယူစဉ် အချိန်က ပံ့ပိုးကူညီမှုများကြောင့် ဖြစ်ပါကြောင်း၊ မိုင်းလား အထူးဒေသ-၄ ဆိုပါက ပြီးခဲ့သော (၃၀-၆-၂၀၁၆) ရက်နေ့က မိုင်းမ ရေအားလျှပ်စစ် စက်ရုံကို ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဒေသဖွံ့ဖြိုးတိုးတက်နေမှုများကို ပါတီဥက္ကဌ ဦးသိန်းစိန်နှင့် အဖွဲ့လာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်ပါကြောင်း၊ နိုင်ငံတော်အတွက် ဒီမိုကရေစီ လမ်းကြောင်းပေါ် အရောက်တင်နိုင်ပေးခဲ့သော ပါတီဥက္ကဌ ဦးသိန်းစိန်သည် ၄င်းတို့ တိုင်းရင်းသားများရဲ့ ခေါင်းဆောင် ဟောင်းဖြစ်ကြောင်း၊ ကြံ့ခိုင်ရေး ပါတီသည် နိုင်ငံအတွက် အရေးကြီးသော ပါတီကြီး တစ်ခုဖြစ်ပြီး ယခင်က အတိုင်း ၄င်းတို့ တိုင်းရင်းသား ခေါင်းဆောင်များမှ လက်တွဲပူးပေါင်းသွားမည် ဖြစ်ပါကြောင်း ပြောကြားသွားပါသည်။