အကြိုဗိုလ်လုပွဲတက်ဖို့ မလေးရှားကို မြန်မာဂိုးပြတ်သွင်းမှာလား
မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ အာဆီယံ အမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(ခ) ဒုတိယနေ့ ပွဲစဉ်တွေမှာ မြန်မာအသင်းနဲ့ မလေးရှားအသင်းတို့က ဒီနေ့ညနေ (၆) နာရီမှာ မန္တလာသီရီ အားကစားကွင်းမှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းက အုပ်စုအဖွင့်ပွဲစဉ်မှာ အရှေ့တီမောအသင်းကို ၁၇-၀ ဂိုးနဲ့ အနိုင်ရရှိထားပြီး အုပ်စုတွင်း ပြိုင်ဘက် သြစတြေးလျအသင်းနဲ့ ရမှတ်တူ ဂိုးကွာခြားချက်အသာနဲ့ အုပ်စုပထမနေရာမှာ ရပ်တည်နေပါတယ်။
ဒီနေ့ပွဲစဉ်ရဲ့ ပထမပွဲမှာ သြစတြေးလျှအသင်းနဲ့ အရှေ့တီမောအသင်းတို့က ကစားရမှာဖြစ်တာကြောင့် အုပ်စုဗိုလ် အဖြစ် တက်ရောက်နိုင်ဖို့ မြန်မာအသင်းအနေနဲ့ ဂိုးပြတ်သွင်းထားဖို့လည်း လိုအပ်နေပါသေးတယ်။
လာမယ် ၃၁ ရက်နေ့မှာ ကစားရမယ့် အုပ်စု(ခ)ပွဲစဉ်တွေမှာ မြန်မာအသင်းက သြစတြေးလျ ယူ-၂၀ အသင်းနဲ့ ကစားရမှာဖြစ်ပြီး အရှေ့တီမောအသင်းနဲ့ မလေးရှားအသင်းတို့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
အာဆီယံအမျိုးသမီးချန်ပီယံရှစ် ဘောလုံးပြိုင်ပွဲရဲ့ အုပ်စု(က)ပွဲစဉ်တွေမှာတော့ ဗီယက်နမ်အသင်းက အုပ်စု ပထမနဲ့ ထိုင်းအသင်းက အုပ်စုဒုတိယရရှိပြီး ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။
Duwun