သတင်းအချက်အလက် နည်းပညာတက္ကသိုလ်တွင် Open Campus ကျင်းပမည်
သတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ Open Campus ကို သြဂုတ်လ (၁) ရက်၊ နံနက် (၉) နာရီမှ ညနေ (၃) နာရီအထိ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
Open Campus တွင် ဖွင့်လှစ်ခဲ့သည့် လေးနှစ်တာကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ ပြုလုပ်ထားသည့် Project များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသော သုတေသနလုပ်ငန်းများ၊ ကျောင်းသား၊ ကျောင်းသူများအား လေ့ကျင့်သင်ကြားပေးနေမှုပုံစံနှင့် သင်ယူလေ့လာနေကြသည့် ပုံစံ များကို လေ့လာကြည့်ရှုနိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပွဲကို တက္ကသိုလ်၏ ရည်မှန်းချက်များနှင့် ရည်ရွယ်ချက်များကို သိရှိစေရန်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ ကျောင်းသူ များ မိမိတို့စိတ်ပါဝင်စားသော အထူးပြုဘာသာရပ်၊ သက်မွေးဝမ်းကျောင်း ဘာသာရပ်များကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ရေး အထောက်အကူဖြစ်စေရန်၊ ကုမ္ပဏီ လုပ်ငန်းရှင်များမှ ယနေ့အိုင်စီတီ အထူးပြုကျောင်းသား၊ ကျောင်းသူများ၏ အရည်အချင်းများကို လေ့လာစမ်းသပ် အကဲဖြတ်ကာ မိမိတို့လုပ်ငန်းများအတွက် လိုအပ် သည့် လူ့စွမ်းအား အရင်းအမြစ်များကို ရွေးချယ်ခန့်ထားနိုင်ရန်၊ သတင်းအချက်အလက် နည်းပညာတက္ကသိုလ်မှ ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ် ခိုင်မာရေးအတွက် အလုပ်အကိုင် အခွင့်အလမ်းများရရှိစေရန် စာတွေ့လက်တွေ့ လေ့ကျင့်သင်ကြားပေးနေမှုများကို သိရှိ စေရန်၊ အိုင်စီတီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု အရည်အချင်းပြည့်မီသော လူ့စွမ်းအား အရင်းအမြစ် များ မွေးထုတ်ရာတွင် Public-Private-Partnership (PPP) ပုံစံဖြင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ကာ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရသည်။
ပြပွဲအား လေ့လာလိုသူများအနေဖြင့် အမှတ် ၁၄-၂၀၊ သံလွင်လမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့တွင် သွားရောက် လေ့လာနိုင်မည်ဖြစ်ပြီး အသေးစိတ်ထပ်မံသိရှိလိုပါက ဖုန်း – ၅၃၇၃၉၃၊ ၅၃၄၃၁၅ သို့ ဆက်သွယ်မေးမြန်း စုံစမ်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
Internet Journal