မန်ယူကို အခြားအသင်းများက ကြောက်ရအောင် မော်ရင်ဟို စွမ်းဆောင်နိုင်မည်ဟု ဘက်ခမ်း ပြောကြား

davidbeckham-cropped_1qthjv80pmw0v1nvufbevswuz9

နည်းပြင်သစ် မော်ရင်ဟို က မန်ယူကို အခြားအသင်းများက ကြောက်ရသည့်အသင်း ပြန်ဖြစ်လာအောင် လုပ်ပေးနိုင်မည်ဟု အင်္ဂလန်ဘောလုံးကြယ်ပွင့်ဟောင်း ဒေးဗစ်ဘက်ခမ်းက ပြောကြားလိုက်သည်။ မန်ယူသည် ၂၀၁၃ က နည်းပြကြီး ဖာဂူဆန်အနားယူသွားပြီး နောက်ပိုင်း ပရီးမီးယားလိဂ်ဖလား ကို စိန်ခေါ်နိုင်ခြင်း မရှိဖြစ်နေပြီး ဖာဂူဆန်၏ နေရာဆက်ခံသော ဒေးဗစ်မိုယက်စ်နှင့် လူးဝစ်ဗန်ဂါးလ်တို့ကလည်း ယင်းအခြေအနေကို မပြောင်းလဲနိုင်ဖြစ်ခဲ့သည်။

သို့သော်အိုးထရက်ဖို့ဒ်တွင် ကစားခဲ့ချိန်အတွင်း ပရီးမီးယားလိဂ်ဖလား ခြောက်ကြိမ်ရရှိခဲ့သည့် ဘက်ခမ်းက မော်ရင်ဟို သည် မန်ယူကို ရွှေရောင်ခေတ်များဆီသို့ ပြန်လည်ခေါ်ဆောင် သွားနိုင်မည်ဟု ခံစားနေရပြီး မန်ယူက မော်ရင်ဟိုကို နည်းပြအဖြစ် ခန့်အပ်မှုသည် ကြီးကျယ်သော ရွေးချယ်မှုဖြစ်သည်ဟု ၎င်း က ယုံကြည်ထားသည်။

‘‘မော်ရင်ဟိုဟာ သူလိုချင်တာကို သိတယ်။ ပြီးတော့ လိုချင်တာဘယ်လိုရအောင် လုပ်ရမလဲဆိုတာလည်း သိပါတယ်’’ဟု ဘက်ခမ်းက ပြောသည်။

မိမိအနေဖြင့် ဗန်ဂါးလ်ကို လေးစားသော်လည်း လူအများ မျှော်လင့်သကဲ့သို့ အဆင်မပြေခဲ့ကြောင်း၊ သို့သော် ယင်းအဆင်မပြေမှုများ အဆုံးသတ်ရောက်ပြီဟု ထင်ပြီး ယခုအခါမန်ယူအတွက် နိဒါန်းသစ်သို့ ရောက်ရှိနေပြီ ယူဆကြောင်း  ဘက်ခမ်းက ပြောသည်။

ထိုအတောအတွင်း မန်ယူ အသင်းက ၎င်းတို့ကစားသမား များအတွက် ကျောနံပါတ်စာရင်း ထုတ်ပြန်ခဲ့ရာ ဆွီဒင်ဝါရင့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ကျောနံပါတ် (၉)၊ မာရှယ်က ကျောနံပါတ်(၁၁)တို့ဖြစ်နေသော်လည်း ကျောနံပါတ် (၆) နေရာ လစ်လပ်နေသဖြင့် ယင်းကို ဂျူဗင်တပ်ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် ချန်ထားသလားဆိုသော မေးခွန်းများ ထွက်ပေါ်လာခဲ့သည်။

ပေါ့ဂ်ဘာသည် မန်ယူမှ လွန်ခဲ့သော လေးနှစ်ကထွက်ခွာသွား  ပြီးနောက် မန်ယူသို့ ပြန်ရောက် လာမည်ဟု အများက မျှော်လင့်ထားကြသည်။

—Ref:Goal


Leave a Reply