မလေးရှားတွင် မြန်မာသုံးဦးကို သတ်ခဲ့သူများနှင့် သက်ဆိုင်သည် ရုပ်သံမှတ်တမ်းများရရှိ

မလေးရှားနိုင်ငံ ပီနန်းပြည်နယ်တွင် မြန်မာနိုင်ငံသား သုံးဦးကို သတ်ဖြတ်ခဲ့သည့် ဆိုင်ကယ်စီးလူအုပ်ကို မဖမ်းမိ သေးသော်လည်း ၎င်းတို့နှင့် ပတ်သက်သည့် ရုပ်သံ (CCTV) မှတ်တမ်း ရရှိထားပြီဖြစ်ကြောင်း မြန်မာသံရုံးက ဇူ လိုင်လ (၁၄) ရက်နေ့က သတင်းထုတ်ပြန်သည်။

ပီနန်းပြည်နယ် ဘာတာဝတ် မြို့နယ် နာကာဆာရီ ရပ်ကွက်တွင် ဇူလိုင်လ (၁၁) ရက်နေ့ နံနက် ၆ နာရီကျော်က မြန်မာအလုပ်သမားများ အလုပ်သွားရန် ပြင်ဆင်နေကြစဉ် ဆိုင်ကယ်စီး လူတစ်စုကဝင်ရောက်သတ်ဖြတ်မှုကြောင့် မြန်မာသုံးဦးသေဆုံးကာ တစ်ဦးမှာ ဒဏ်ရာရရှိခဲ့သည်။

ယင်းအမှုနှင့် ပတ်သက်၍ ဇူလိုင် ၁၁ ရက်နေ့က မလေးရှားရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည့် မြန်မာ (၁၄) ဦးမှာ ပြစ်မှု ကျူးလွန်၍ ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ သက်သေအဖြစ်ခေါ်ယူခံရခြင်းဖြစ်ကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အဆိုပါ မြန်မာ (၁၄) ဦး၏ လုံခြုံရေးအတွက် မလေးရှားရဲတပ်ဖွဲ့က ဆက်လက်ထိန်းသိမ်းထားကြောင်း ယင်းထုတ် ပြန်ချက်တွင် ပါရှိသည်။

ယင်းအခင်းဖြစ်စဉ်တွင် သေဆုံးခဲ့သည် ကျော်ရွှေ ဆိုသူသည် အလုပ်သွားရန် စောသေးသည်ဟုဆိုကာ အိမ်ရှေ့ တွင် ထိုင်ကာ တယ်လီဖုန်းကို နားကြပ်တပ် နားထောင်နေစဉ် ဆိုင်ကယ်စီး လူတစ်စုက လုယက်မှု ကျူးလွန်ရာ ရေချိုးရန် ထွက်လာသည့် မြန်မာသုံးဦးက မြင်တွေ့သဖြင့် အော်ဟစ်အကူအညီ တောင်းခဲ့ကြောင်း ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

ယင်းသို့ အော်ဟစ်ရာ လုယက်သူများက အိမ်ခြံအတွင်း ဝင်ရောက်ကာ မြန်မာ လေးဦးကို နှုတ်ပိတ်သည့် အနေနှင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယင်းသို့ တိုက်ခိုက်ခံရသဖြင့် ကျော်ရွှေ အပါအဝင် မြန်မာသုံးဦး သေဆုံးပြီး တစ်ဦးမှာ ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒဏ်ရာရရှိသူတစ်ဦးမှလည်း အခြေအနေတိုးတက်လာခြင်းမရှိသေးဘဲ သတိလစ်နေဆဲဖြစ်ကြောင်း မြန်မာသံရုံးမှ အကြီးတန်း အရာရှိတစ်ဦးက ပြောဆိုသည်။

အဆိုပါ နေအိမ်တွင် မြန်မာ ၁၇ ဦးရှိပြီး ကျန်မြန်မာများမှာ အိမ်ထဲပြေးဝင်ကာ လုယက်သူများ မဝင်လာနိုင်အောင် တံခါးပိတ်နေခဲ့ရကြောင်း မြန်မာသံရုံးက သတင်းထုတ်ပြန်ထားသည်။

တရားဥပဒေနှင့်အညီ အမှုမှန်ပေါ်ပေါက်ရေးနှင့် တရားခံဖမ်းဆီးရမိရေးအတွက် မလေးရှားရဲတပ်ဖွဲ့၊ နယ်မြေခံ လူမှုရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်း၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း မြန်မာသံရုံးထံမှ သိရှိရသည်။

The Voice


Leave a Reply