ရွှေဈေး ကျပ်ရှစ်သိန်းခွဲခန့်ဖြစ်လာ ဈေးကွက်တွင် အ၀ယ်တန့်

သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြင့် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ်ရှစ်သိန်း ခွဲခန့်ဈေးဖြစ်လာပြီး ဆိုင်များတွင် အ၀ယ်ရပ်တန့်သည့်အနေ အထားသို့ ရောက်ရှိနေကြောင်း ပြည်တွင်းရွှေဈေးကွက်မှ သတင်း ရရှိသည်။

‘‘ရွှေဈေးက သမိုင်း တစ် လျှောက်မှာ နေ့တိုင်း အမြင့်ဆုံး ဈေးတွေဖြစ်နေတယ်။ ဆိုင်တွေ မှာ လာဝယ်တဲ့သူမရှိတော့ဘူး။ လာရောင်းတဲ့ သူတွေပဲရှိတော့ တယ်’’ ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦး က ပြောသည်။

 ဥရောပသမဂ္ဂမှ ဗြိတိန်ခွဲ ထွက်ခြင်းကြောင့် ကမ္ဘာ့ရွှေဈေး နှင့် စတော့အိတ်ချိန်းရှယ်ယာများ ကမောက်ကမဖြစ်ရာမှ ပြည်တွင်း ရွှေဈေးနှုန်း တက်လာရခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

လက်ရှိရွှေဈေးတက်ရခြင်း မှာ ကမ္ဘာ့ရွှေဈေးတက်ခြင်း၊ မိုး လယ်ကာလ အတွင်း ရွှေကုန် ကြမ်းပစ္စည်းများ ရွှေဈေးကွက်အ တွင်း မ၀င်ရောက်ခြင်းနှင့် မြန်မာ ကျပ်ငွေ တန်ဖိုးမာလာခြင်းကြောင့်ဟု ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ဦးဝင်းမြင့်က ပြောသည်။

‘‘ပြည်တွင်းရွှေဈေးက ကမ္ဘာ့ ရွှေအဖွင့်ဈေးအောက်မှာပဲ ရှိနေ သေးတော့ အသင်းက ထိန်းချုပ်ဖို့ မလိုလောက်သေးဘူး။ ဒီရွှေဈေးတက်တာကလည်း တခြား ကုန်ဈေးနှုန်းတွေကို ထိခိုက်လောက်တဲ့ အနေအထားမရှိသေးဘူး’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

လက်ရှိတွင် ရွှေဝယ်ယူထား သူများက ပြန်လည်ရောင်းချနေ ပြီး ၀ယ်ယူသူ နည်းပါးကြောင်း မန္တလေးမြို့ အောင်သမာဓိရွှေ ဆိုင်မှ မန်နေဂျာ ဦးမောင်က ပြော ကြားသည်။

‘‘အခုရွှေဈေးက အတက်အ ကျကြမ်းနေတယ်။ တစ်ကျပ်သား ကို လေးသောင်းလောက်အမြတ် ရနေတော့ ထုတ်ရောင်းနေကြ တယ်’’ ဟု ဦးမောင်က ပြောကြား သည်။

ဇူလိုင် ၁၁ ရက်တွင် လက်ရှိ ရွှေဈေးသည် အခေါက်ရွှေတစ် ကျပ်သားလျှင် ၈၄၈,၈၀၀ ကျပ် ဖြင့် ဈေးပိတ်ခဲ့သည်။ ရွှေဈေးတက်ခြင်းသည် ရွှေကုန်သည်များက ဈေးကစား၍ ရွှေဈေးတက်ခြင်းမဟုတ်ဘဲ သမားရိုးကျဈေးတက်ခြင်းဖြစ်ကြောင်း ဦးမောင်က ပြောကြားသည်။

ရွှေဈေးအတက်အကျများ နေခြင်းကြောင့်  ရွှေပန်းထိမ်လုပ်ငန်းများ အခက်အခဲဖြစ်နေကြောင်း ရွှေပန်းထိမ် လုပ်သား ဦးသန့်စင်က ပြောသည်။

‘‘အတက်အကျများနေတော့ ဘယ်သူမှ ပန်းထိမ်မလုပ်နိုင်ကြ တော့ဘူး’’ဟု ၎င်းက ဆက်လက် ပြောကြားသည်။

၂၀၁၅ တွင် အခေါက်ရွှေဈေးနှုန်း ကျပ်ရှစ်သိန်း ဈေးမြင့် တက်ခဲ့ပြီးနောက် ပြည်တွင်းရွှေ သမိုင်းလောကတွင် ယခုနှုန်းသည် အမြင့်ဆုံးပေါက်ဈေး ဖြစ်သည်။

7 Day


Leave a Reply