ထိုင်းနိုင်ငံရှိ အထောက်ထားမဲ့ မြန်မာအလုပ်သမားများကို စခန်းခြောက်ခုဖွင့်၍ CI ထုတ်ပေးမည်

ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားများကို အလုပ်သမား ၀န်ကြီးဌာနမှ ထိုင်းနိုင်င်ငံအတွင်း စခန်းခြောက်ခု ဖွင့်၍ CI ( မြန်မာနိုင်ငံသားဖြစ်ကြောင်းထောက်ခံစာ) ကို ထုတ် ပေးသွားမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးသိန်းဆွေက ပြောသည်။

ထိုသို့ထုတ်ပေးရန်အတွက် ထိုင်းနိုင်ငံအစိုးရနှင့် သဘောတူညီမှုရရှိခဲ့ပြီးဖြစ်ကြောင်းနှင့် ယခုလအတွင်း ထုတ်ပေး နိုင်မည်ဖြစ်ကြောင်း သိရသည်။

”ထိုင်းအစိုးရနဲ့က အားလုံးသဘောတူညီမှုရပြီးသွားပြီး ထိုင်းနိုင်ငံဘက်က ဗီဇာရယ် အလုပ်လုပ်ကိုင် ခွင့်လက်မှတ် ရယ်ပေးမယ်။ မြန်မာဘက်က မြန်မာနိုင်ငံသား ဖြစ်ကြောင်း ထောက်ခံစာ(CI)ပေးမယ် အလုပ်သမားဝန်ကြီးဌာန၊ လ၀က၊ နိုင်ငံခြားရေးဝန်ကြီးဌာနတွေပါမယ်။ သွားဖို့က အားလုံးအဆင်သင့်ဖြစ်နေပြီ။ ထိုင်းဘက်က တရားဝင်စာ ရပြီဆိုရင် စပြီးထုတ်ပေးလို့ရပြီ။ ဇူလိုင်လ ကုန်လောက် လုပ်ငန်းစမယ်ထင်တယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောသည်။

စခန်းခြောက်ခုကို မြန်မာရွှေ့ပြောင်းအလုပ်သမားများ အများဆုံးရှိသော မဟာချိုင်၊ မဲဆိုင်၊ စမွတ်ပရာကန်၊ မဲ ဆာက်၊ ရနောင်း၊ ကန်ချနဘူရီ စသည့်နေရာ ခြောက်ခုတွင် စခန်းများဖွင့်သွားမည် ဖြစ်သည်။

CI ပြုလုပ်နိုင်မည့်သူများမှာ မှတ်ပုံတင်နှင့် ထိုင်းနိုင်ငံမှ ထုတ်ပေးထားသည့် TR38၊ (ပန်းရောင်ကတ်ပြား) စသည် တို့ ကိုင်ဆောင်ထားသူဖြစ်ရမည်ဖြစ်ပြီး၊ CI ရရှိပြီးပါက ထိုင်းနိုင်ငံအတွင်း တရားဝင်သွားရောက် အလုပ်လုပ်နိုင် မည်ဖြစ်ကြောင်း သိရသည်။

”CI ကတ်ပြားလုပ်ပေးမှာက အလုပ်သမားအများစု အလုပ်ပိတ်တဲ့ရက်တွေမှာ လုပ်ပေးမယ်။ အချို့ လာဖို့ခက်တဲ့ နေရာတွေဆိုရင် စက်ရုံရှိတဲ့နေရာကိုသွားပြီး လုပ်ပေးမယ်။ ကုန်ကျစရိတ်ကတော့ ထိုင်းဘက်က တရားဝင်စာ ရတာနဲ့ ထုတ်ပြန်ပေးမယ်။ ၀န်ကြီးဌာနအနေနဲ့ကတော့ အလုပ်သမားတွေ ၀န်ထုတ်ဝန်ပိုးဖြစ်စေမဲ့ နှုန်းထားတော့ မကောက်ခံပါဘူး” ဟု ပြည်ထောင်စုဝန်ကြီးဦးသိန်းဆွေက ပြောသည်။

ထိုင်းနိုင်ငံအတွင်း တရားမ၀င်မြန်မာရွှေ့ပြောင်း အလုပ်သမားများစွာရှိသော အဆိုပါ CI ပြုလုပ်မှုကို နှစ်နှစ်ခန့် ကြာမြင့်မည်ဟု ခန့်မှန်ထားကြောင်း သိရသည်။

‪CentralNewsMyanmar


 


Leave a Reply