UNFC ဗဟိုအလုပ်မှုဆောင် အရေးပေါ် အစည်းအဝေးကျင်းပ

ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ၏ ဗဟိုအလုပ်မှုဆောင် အရေးပေါ်အစည်း အဝေးကို ယနေ့ နံနက်ပိုင်းက စတင်ကျင်းပနေပြီဖြစ်ကြောင်း သိရှိရသည်။

အစည်းအဝေးတွင် ရန်ကုန်မြို့၌ အစိုးရကိုယ်စားလှယ်များနှင့် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) ၏ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) ခေါင်းဆောင်များ၏ တွေ့ဆုံမှုနှင့်ပတ်သက်ပြီး အစီရင်ခံစာတင်သွင်းခြင်း၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန် ပြင်ဆင်နေမှုအခြေအနေ အစီအစဉ်များကို ရှင်းလင်းခြင်း၊ ကချင်ပြည်နယ် မိုင်ဂျာယန်ဒေသတွင် ကျင်းပမည့် မျက်နှာစုံညီ အစည်းအဝေးအတွက် ပြင်ဆင်မှုအခြေအနေများကို ရှင်းလင်းခြင်း၊ ညီညွတ်သော တိုင်းရင်းသား လူမျိုးများဖက်ဒရယ်ကောင်စီ (UNFC) ၏ ဒုတိယအကြိမ် ညီလာခံကျင်းပရေး ကိစ္စများကို ဆွေးနွေးသွားမည်ဟု သိရသည်။

ထို့အပြင် သုတေသနနှင့် ဖက်ဒရယ်ရေးရာဌာနတွင် အနာဂတ် ဖက်ဒရယ်ပြည်ထောင်စုဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) လေ့လာသုံးသပ်ရေးဆွဲရေးလုပ်ငန်းစဉ် အကောင်အထည်ဖော်ပြီးစီးမှု ပထမမူကြမ်းကို တင်ပြမည်ဖြစ် သလို ကာကွယ်ရေးဌာနမှ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု (ပြည်ထောင်စုမြန်မာနိုင်ငံ) ၏ လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာမူဝါဒများ(မူကြမ်း) ကို တင်ပြခြင်းအစီအစဉ်များ ပါဝင်မည်ဟု သိရသည်။

အစည်းအဝေးကို သဘာပတိအဖြစ် ညီညွတ်သောတိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လနှင့် ဒုတိယဥက္ကဌ နိုင်ဟံသာတို့က ဦးဆောင်၍ ညနေ(၅) နာရီအထိ ကျင်းပသွားမည်ဟု သိရသည်။

Myawady Daily


Leave a Reply