မိုင်ဂျာယန်တွင်ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် UNA ကိုဖိတ်ကြား

03-2

ဇူလိုင်နောက်ဆုံးပတ်တွင် ကေအိုင်အို ထိန်းချုပ်နယ်မြေ မိုင်ဂျာယန်၌ ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ရန် ညီညွတ်သော တိုင်း ရင်းသားလူမျိုးများ မဟာမိတ် အဖွဲ့ (UNA) ကို ဖိတ်ကြားထား ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ကို လှမ်းဖိတ်ထားတယ်။ UNA ကခေါင်းဆောင် ငါးယောက်တက်ပေးဖို့ ပေါ့’’ဟု  ညီညွတ်သော တိုင်းရင်းသားလူ မျိုးများမဟာမိတ်အဖွဲ့ (UNA) အဖွဲ့ ၀င် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ တွဲဖက် အတွင်း ရေးမှူး(၂) စိုင်းကျော် ညွန့်ကပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးသို့ UNA အဖွဲ့ကို ကိုယ်စားပြုတက်ရောက်ရန် ဖိတ်ကြား လာမှုသည် ပထမဆုံးအကြိမ်ဖြစ်ကြောင်း စိုင်းကျော်ညွန့်ထံမှ သိရသည်။ အဆိုပါအစည်းအဝေးသို့ တက်ရောက်ရန် ဖိတ်ကြားလာမှု အပေါ် UNA အဖွဲ့ဝင် ပါတီများ အစည်းအဝေးထိုင်ကာ ဆွေးနွေး မည်ဖြစ် သည်။ မိုင်ဂျာယန်တွင် ပြုလုပ်မည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထိပ်သီးအစည်းအဝေးကို ဇူလိုင်၂၆ ရက်မှစကာ လေးရက် ကြာပြု လုပ်မည်ဖြစ်သည်။

လာမည့် သြဂုတ်အတွင်း ကျင်းပမည့် ၂၁ ရာစုပင်လုံညီလာ ခံအတွက် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့များဘက်က ဘုံသဘောထားတစ်ခု ချမှတ်ရန် ကြိုတင် ပြင်ဆင် ခြင်းအဖြစ် ထိပ်သီးအစည်းအဝေး ပြုလုပ်ခြင်းဖြစ်ကြောင်း ကရင် အမျိုးသားအစည်းအရုံးအတွင်းရေးမှူး ဖဒိုစော ကွယ်ထူးဝင်းက သတင်း မီဒီယာ များအား ပြောကြားသည်။

UNAသည် လက်ရှိအာဏာ ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ မဟာမိတ်ဖြစ်ပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး အပါအ၀င် နိုင်ငံရေးကိစ္စရပ်များတွင် ပူးပေါင်း ဆောင်ရွက်မှုများ ရှိခဲ့သည်။ ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရထားသော တိုင်းရင်းသား ပါတီများဖြင့် UNA ကို ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းစဉ်ကအဖွဲ့ဝင် ပါတီ ၁၂ ပါတီရှိသည်။


Leave a Reply