ကမ်းလှမ်းမှု အများအပြား ရရှိထားဟု ဝေးလ်စ်ကြယ်ပွင့် ရော့ဘ်ဆင်ကနူး ပြောကြား
ဝေးလ်စ်ကြယ်ပွင့် ဟဲရော့ဘ်ဆင်ကနူးသည် မည်သည့်အသင်းနှင့်မျှ စာချုပ်ချုပ်ဆိုထားခြင်း မရှိသော်လည်း ယူရိုပြိုင်ပွဲတွင် ထင်ရှားလာခဲ့ပြီးနောက် ကမ်းလှမ်းမှု အများအပြားရှိလာသည်ဟုပြောသည်။
ရော့ဘ်ဆင်ကနူး (၂၇) နှစ် သည် ရီဒင်းအသင်းတွင် (၁၂) နှစ်ကြာ ကစားခဲ့ပြီးနောက် ယူရို ပြိုင်ပွဲမတိုင်မီ စာချုပ်ကို သက်တမ်းကုန်ဆုံးခွင့်ပြုခဲ့သည်။ ယူရိုပြိုင်ပွဲတွင် ၎င်း၏ခြေစွမ်းမှာ အကောင်းဆုံးဖြစ်ခဲ့ပြီးနောက် ရီဒင်းနှင့် စာချုပ် အဆုံးသတ်လိုက်ခြင်းမှာ ကောင်းမွန်သော လုပ်ရပ် ဖြစ်နိုင်သည်။
ရော့ဘ်ဆင်ကနူးသည် ယခု ပြိုင်ပွဲတွင် နှစ်ဂိုးသွင်းယူနိုင်သော ကစားသမားများ၌ ပါဝင်ပြီး ဘယ်လ်ဂျီယံနှင့်ပွဲတွင် နောက် တန်းလူ နှစ်ဦးကို ကျော်ဖြတ်ကာ ခက်ခဲစွာ ဂိုးသွင်းယူခဲ့သည်။
ယူရိုပြိုင်ပွဲ ပြီးသည်အထိ မိမိ၏ အနာဂတ်ကို ဆုံးဖြတ်မည် မဟုတ်ဟု ပြောဆိုထားသော်လည်း ၎င်း၏ အေးဂျင့်မှာ ကမ္ဘာတစ်ဝန်းမှ ဖုန်းများကို လက်ခံ ပြောကြားနေရသည်။
‘‘တစ်ကမ္ဘာလုံးက ကမ်းလှမ်းမှုတွေရှိနေပါတယ်။ ပရီးမီးယားလိဂ်မှာ ကစားချင်တဲ့ဆန္ဒကို ကျွန်တော် ကွယ်ဝှက် မထားပါဘူး။ အဲဒါဟာ အကောင်းဆုံးနေရာဆိုရင် ကျွန်တော် အဲဒီကို ရောက်သွားပါလိမ့်မယ်’’ ဟု ရော့ဘ်ဆင်ကနူးက ပြောသည်။
ရီဒင်းအသင်းတွင် (၁၂)နှစ်ကြာ ကစားခဲ့ပြီဖြစ်၍ စာချုပ်အဆုံးသတ်ရန် ဆုံးဖြတ်ခဲ့ပြီး ယင်းမှာ မိမိ၏ ကစားသမားဘ၀ အတွက် အကောင်းဆုံး ဆုံးဖြတ်ချက်ဟု ခံစားရကြောင်း ရော့ဘ်ဆင် ကနူးက ပြောကြားသည်။
—Ref: Goal