ရက် ၁၀၀ စီမံချက် ပြီးသည်နှင့် စားသုံးသူများနှင့် ပတ်သက်၍ စစ်တမ်းကောက်ယူမည်

13558967_752297831574361_8144660540662193289_ofw(2)

အစိုးရသစ်၏ ရက် ၁၀၀ စီမံချက်ပြီးနောက် ၁၀၁ ရက်မှစကာ ပြည်နယ်နှင့် တိုင်းများအလိုက် စားသုံးသူနှင့် ပတ်သက်၍ စစ်တမ်းများကောက် ယူမည်ဖြစ်ကြောင်း စားသုံးသူရေးရာ ဦးစီးဌာနမှ သတင်းရရှိသည်။ လက်ရှိတွင် စားသုံးသူရေးရာ ဦးစီးဌာနအနေဖြင့် ရက်ပေါင်း ၁၀၀ စီမံချက်ကို လုပ်ငန်းစဉ် ရှစ်ရပ်ဖြင့် လုပ်ကိုင် ဆောင်ရွက်နေကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက သ တင်းထုတ်ပြန်သည်။

‘‘လာမယ့် ၁၀၁ ရက် ကနေ စပြီးတော့ ကျွန်တော်တို့က ပြည်နယ်၊ တိုင်းအလိုက် လောလော ဆယ်လျာထားချက် ကတော့ ပြည်သူ ၁၀၀လောက်ကို စားသုံးသူနဲ့ ပတ်သက်ပြီး စစ်တမ်းကောက်မယ်’’ဟု စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးက ပြောသည်။ စစ်တမ်း ကောက်ယူ မည့် လူ ၁၀၀ ကို အဆင့်များ သတ် မှတ်ခွဲခြားကာ ကောက်ယူမည် ဖြစ်ကြောင်း သိရသည်။

‘‘လူ ၁၀၀ မှာလည်း အဆင့်တွေခွဲထားတယ်။ ကောလိပ် ကျောင်းသားတွေ၊ ဆိုင်ရှင်တွေ၊ ဈေးရောင်းတဲ့သူတွေ၊ ထုတ်လုပ်တဲ့သူတွေ ဆိုတဲ့အဆင့်တွေခွဲပြီးတော့ ဒါကိုလုပ်သွားဖို့ အကြမ်းဖျင်း စီမံချက်လုပ်နေတယ်။ ဒီ ၁၀၁ ရက် ကနေစပြီးတော့ လုပ်မယ်’’ ဟု ဦးလှမော်ဦးက ပြောကြားသည်။ ထို့အပြင် စားသုံးသူရေးရာ နှင့်ပတ်သက်၍ လတ်တလောတွင် လစဉ် စာသင်ကျောင်းများ၌ သင်တန်းပို့ချမှုများ ဆောင်ရွက်နေကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

‘‘အခုဆိုရင် ကောလိပ်တွေ လည်းဖွင့်ပြီ။ စာသင်ကျောင်းတွေလည်းဖွင့်ပြီ။ ဆရာကြီးတွေနဲ့ ကျွန်တော်တို့က ညှိနှိုင်းတယ်။ ကျွန်တော်တို့က တစ်ပတ်တစ် ကြိမ်လောက် အချိန်ပေးဖို့ ပြောထားတယ်။ အဲဒီလိုပို့ချတဲ့အခါမှာ လည်း မူလတန်းအဆင့်လောက်ကို ဥပဒေကြီးသွားဖတ်ပြလို့ ဘာမှနားမလည်နိုင်တဲ့အတွက် ကာတွန်းလေးတွေနဲ့ စားသင့် တာနဲ့ မ စားသင့်တာလေးတွေကို ပြမယ်။ နောက်ဈေးထဲမှာ သွားရှင်းတဲ့အ ခါမှာလည်း Complain အားလုံး ကို စုပြီးတော့ ရုံးချုပ်မှာ ပြန်ပြီး Review လုပ်တယ်’’ဟု ဦးလှမော် ဦးက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံအတွင်းသို့ စားသုံးရန်မသင့်သော အစားအသောက်များမှ တရုတ်နှင့် အိန္ဒိယမှ အများဆုံး ၀င်ရောက်နေပြီး ယင်းကိစ္စရပ်များကို ဥပဒေဖြင့် အရေးယူရန်မှာလက်ရှိတွင် နည်းဥပဒေထွက်ရှိလာခြင်းမရှိသေးသည့် အတွက် ညွှန်ကြားချက်များဖြင့်သာ လုပ်ကိုင်နေရကြောင်း နှင့် ယခင်အစိုးရ လက်ထက်၌ တရားမ၀င် တင်သွင်းမှုနှင့် ပတ်သက်၍ Mobile Team အဖွဲ့ဖွဲ့ ဆောင်ရွက်ခဲ့သော်လည်း အပြည့် အ၀တားဆီးနိုင်ခြင်း မရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေး ၀န်ကြီးဌာန ထုတ်ပြန်ချက် အရ သိရသည်။

‘‘အခုလည်း ဒီလိုကိစ္စတွေ က ရှိနေဦးမှာပဲ။ ရှိနေတယ်ဆိုရင် နောက်ထပ်ဘယ်လိုများ တားဆီး ဖို့အတွက် လုပ်မလဲ ဆိုတာကတော့ လက်ရှိအစိုးရက လုပ်ပေးရမှာ ပေါ့။ ရောက်ပြီးတဲ့ဟာတွေကိုတော့ ကြည့်လို့မရဘူး။ ဒါတွေက ဥပဒေ ပြဋ္ဌာန်းပြီးတော့မှပဲ လုပ်ကိုင်ရမယ့်ကိစ္စတွေဖြစ်ပါတယ်။ နောက်ပိုင်းမှာ ကုန်စည်အမှတ်တံဆိပ် ဥပဒေတွေလည်း လုပ်သွားဖို့ ရှိပါတယ်’’ ဟု ဦးလှမော်ဦးက ဆိုသည်။


Leave a Reply