ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ကြေညာချက် (၂/၂၀၁၆)

13521836_398075897034210_4850064100374121761_n 13512217_398075893700877_623432030636801341_n

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ သတင်းထုတ်ပြန်ရေးအဖွဲ့မှ ၁၃၇၈ ခုနှစ်၊ နယုန်လပြည့်ကျော် ၃ ရက် ( ၂၀၁၆ ခုနှစ်၊ ဇွန်လ ၂၃ ရက် ) ရက်စွဲဖြင့် သတင်းထုတ်ပြန် ကြေညာချက် (၂/၂၀၁၆) ကို ထုတ်ပြန်ကြေညာ လိုက်သည်။ ယင်းကြေညာချက်အပြည့်အစုံမှာ –

၁။       (၂၀၁၆)ခုနှစ် ဇွန်လ (၁၇)ရက် နေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပခဲ့သော (၃၂) ကြိမ်မြောက် လူ့အခွင့်အရေးညီလာခံတွင် မြန်မာနိုင်ငံအစိုးရ ကိုယ်စားလှယ်က “ လူမှုအသိုင်းအ၀ိုင်း နှစ်ဖက်ကြားတွင် အဆင်ပြေပြီး အပြန်အလှန်ယုံကြည်မှုရရန်အတွက် ရခိုင်ပြည်နယ်မှ မူဆလင် အသိုင်းအ၀ိုင်း” ဟု သုံးနှုံးပြောဆိုရန် အကြံပြုတင်ပြခဲ့ကြောင်း သိရှိရပါသည်။

၂။       လူမှုအသိုင်းအ၀ိုင်းနှစ်ဖက်ကြားတွင် အဆင်ပြေပြီး အပြန်အလှန်ယုံကြည်မှုရရန် ဟု ဦးတည်ပြောဆို သုံးနှုံးခဲ့သော်လည်း ရခိုင်အမျိုးသားပါတီ၏ (၂၀၁၆)ခုနှစ်ဇွန်လ (၂၁)ရက်နေ့ သဘောထား ထုတ်ပြန် ကြေညာချက် (၄/၂၀၁၆)အရ “ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း” ဟူသောအခေါ်အဝေါ် အသုံးအနှုံး ကို လက်မခံကြောင်း ဖေါ်ပြထားပါသည်။ သို့ဖြစ်၍ အစိုးရဦးတည်သော လူမှုအသိုင်းအ၀ိုင်း နှစ်ဖက်ကြားတွင် အဆင်ပြေမှုထက် သဘောထားကွဲလွဲမှု၊ စိတ်ဝမ်းကွဲပြားမှု စသည့် နောက်ဆက်တွဲ အကျိုးဆက်များ မဖြစ်ပေါ်စေရေး အလေးထားဂရုပြုရန် လိုအပ်မည်ဟု သုံးသပ် ပါသည်။

၃။       ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအနေဖြင့် နိုင်ငံတော်အစိုးရတာဝန်ထမ်းဆောင်ခဲ့စဉ်က မြန်မာ နိုင်ငံတွင် တိုင်းရင်းသားလူမျိုးစု (၁၃၅) မျိုးတွင် ရိုဟင်ဂျာဟူသော လူမျိုးမပါဝင်ကြောင်းနှင့် မြန်မာနိုင်ငံတော် တွင် ရိုဟင်ဂျာ ဟူသော လူမျိုးမရှိကြောင်း ကြေညာခဲ့ပါသည်။ ဒေသခံတိုင်းရင်းသား ပြည်သူများ ကလည်း ရိုဟင်ဂျာ ဟု ပြောဆိုသုံးနှုံးခြင်းကို လက်ခံခြင်းမရှိသကဲ့သို့ အစိုးရကလည်း လက်ခံခြင်းမရှိကြောင်း အတိအလင်း ထုတ်ဖေါ်ကြေညာခဲ့ခြင်း ဖြစ်ပါသည်။

၎။       ရခိုင်ပြည်နယ်ရှိ ဘင်္ဂါလီပြဿနာကို ကိုင်တွယ်ဖြေရှင်းရာတွင် အခေါ်အဝေါ်အသုံးအနှုံးက အစပြု၍ တစ်ဖက်နှင့်တစ်ဖက် မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲပြားခြင်း ပေါ်ပေါက်မလာစေရန်အတွက် (၂၀၀၈) ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ(၃၆၄)နှင့်အညီ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်သကဲ့သို့ ဒေသခံ တိုင်းရင်းသား ပြည်သူ များ၊ နိုင်ငံရေးပါတီများ၏ သဘောထားများကိုပါ အလေးထား ဆွေးနွေး ညှိနှိုင်းဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပါသည်။

၅။       သို့ဖြစ်ပါ၍ “ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်း” များဟု ခေါ်ဝေါ်သုံးနှုန်းခြင်းသည် ဒေသခံ တိုင်းရင်းသားပြည်သူများ လက်ခံသော အသုံးအနှုံးမဟုတ်ခြင်း၊ ယင်းအသုံးအနှုံးကြောင့် တစ်ဖက်နှင့်တစ်ဖက် မလိုလား အပ်သော ပြဿနာများထပ်မံဖြစ်ပေါ်လာနိုင်ခြင်း၊ လက်ရှိ ဆောင်ရွက် နေသော ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင်ရွက်ရာတွင် အဓိပ္ပါယ်ကောက်ယူ လွဲမှားမှုများ ဖြစ်ပေါ်လာနိုင်ခြင်း စသည် တို့ကြောင့် “ ရခိုင်ပြည်နယ်မှ မူဆလင်အသိုင်းအ၀ိုင်းများ ” ဟု ခေါ်ဝေါ်ခြင်းအား ရခိုင်ပြည်နယ်ရှိ တိုင်းရင်းသား ပြည်သူများနှင့် ဒေသခံ နိုင်ငံရေးပါတီများ၏ သဘောထားများကို ရယူသင့် ကြောင်း သဘောထားထုတ်ပြန်ပါသည်။

 

သတင်းထုတ်ပြန်ရေးအဖွဲ့

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ

 

 


Leave a Reply