မစ္စရန်ဟီးလီနှင့်တွေ့ဆုံရန် ရခိုင်အမျိုးသားအဖွဲ့များ ငြင်းဆို
ကုလလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စရန်ဟီးလီနှင့်တွေ့ဆုံရန် ရခိုင်အမျိုးသားအင်အားစုများက ငြင်းဆိုလိုက် ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ်သို့ရောက်ရှိနေသည့် ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူး ကိုယ်စားလှယ် မစ္စ ရန်ဟီးလီနှင့် စစ်တွေမြို့ ရွှေစေတီဆရာတော်၊ ရခိုင်အမျိုးသားပါတီ (ANP)၊ မြို့မိမြို့ဖသုံးဦးတို့ ဇွန်လ (၂၃) ရက်၌ တွေ့ဆုံရန်စီစဉ်ထားခြင်းဖြစ်သည်။
သို့ရာတွင် လက်ရှိအခြေအနေများအရ မစ္စရန်ဟီးလီနှင့်တွေ့ဆုံပါက အကျိုးမရှိနိုင်သည့်အပြင် ပိုမိုအရေးကြီးသည့် ကိစ္စရပ်များလုပ်ဆောင်ရန်ရှိသည်ဟု သုံးသပ်မိသဖြင့် ကုလကိုယ်စားလှယ်နှင့် မတွေ့ဆုံရန် ဆုံးဖြတ်ခြင်းဖြစ် ကြောင်း ရခိုင်အမျိုးသားအင်အားစုများက ပြောသည်။
‘‘အစိုးရက သူနဲ့တွေ့ဆုံဖို့ ပြောထားတာရှိတယ်။ စီစဉ်ပြီးမှ ရခိုင်မွတ်စလင်ကိစ္စ ပေါ်လာတယ်။ ရခိုင် ဗုဒ္ဓဘာသာ ကိစ္စပေါ်လာတယ်။ ဒီစကားလုံးနဲ့ကိုင်ပြီး သူကပြောရင် ဘာမှပြန်ပြောလို့မရဘူး။ အစိုးရကိုယ်တိုင်ပြောတာဆိုရင် ဘာမှပြန်ပြောလို့မရဘူး’’ ဟု တွေ့ဆုံပွဲ ဖိတ်ကြားခြင်းခံရသူ စစ်တွေဒေသခံ ဦးသန်းထွန်းက ပြောသည်။
မစ္စရန်ဟီးလီနှင့် ယခင်က သုံးကြိမ်တိုင်တွေ့ဆုံခဲ့ပြီး ပကတိအခြေအနေများ ရှင်းပြဖူးသော်လည်း ထူးခြားမှုမရှိ၍ ယခုတစ်ကြိမ်တွင် တွေ့ဆုံရန် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ရခိုင်အမျိုးသားအင်အားစုများ က မှတ်ချက်ပြုသည်။
‘‘တွေ့ဆုံခြင်းအားဖြင့် အကျိုးမရှိနိုင်ဘူး။ ဒီထက်ပိုအရေးကြီးတဲ့ကိစ္စတွေ ရှိနေတယ်လို့သုံးသပ်တယ်။ ဒါကြောင့် မတွေ့ဘူးလို့ ငြင်းပယ်တာ’’ ဟု ဦးသန်းထွန်း ကဆက်လက်ပြောသည်။
ရခိုင်အမျိုးသားပါတီ (ANP) မှလည်း ကုလနှင့် လက်အောက်ခံအဖွဲ့အစည်းများအနေဖြင့် ပြည်သူတစ်ရပ်လုံးက လက်မခံသည့် ရိုဟင်ဂျာအမည်ကို တစ်စိုက်မတ်မတ် ခေါ်ဆိုသုံးစွဲခြင်း၊ မစ္စရန်ဟီးလီအနေဖြင့် မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ စာထပ်မံတင်သွင်းရာတွင် ဘင်္ဂါလီဘက်မှ အသားပေးတင်ပြခြင်းတို့ကြောင့် ၎င်းနှင့် တွေ့ဆုံခြင်းအားဖြင့် မျှတပြောင်းလဲမှုဖြစ်ပေါ်နိုင်ဖွယ်မရှိဟု ထင်မြင်သည့်အတွက် မစ္စရန်ဟီးလီနှင့် တွေ့ဆုံမည် မဟုတ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
မစ္စရန်ဟီးလီသည် ဇွန်လ (၂၂) ရက်က ရခိုင်ပြည်နယ်သို့ရောက်ရှိခဲ့ပြီး ပုဏ္ဏားကျွန်းမြို့နယ်ရှိ ကာဒီ ဘင်္ဂါလီ ကျေးရွာနှင့် ကျောက်တော်မြို့နယ် ပညာဝကျေးရွာရှိ ရခိုင်စစ်ဘေးဒုက္ခသည်စခန်းများသို့ သွားရောက်ခဲ့ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်လည်း စစ်တွေမြို့၌ တွေ့ဆုံခဲ့သည်ဟု သိရသည်။
7 Day Daily