နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကတ် ဘင်္ဂါလီ နှစ်ရာကျော်အား ထုတ်ပေးပြီးဖြစ်
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူဦးရေ စာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်နေရာ နိုင်ငံသား စိစစ်ရေးလုပ်ငန်းများအတွက် ပထမအဆင့် လိုအပ်သည့် နိုင်ငံသားစိစစ်ခံရမည့် သက်သေခံကတ် (National Verification Card-NVC) နှစ်ရာကျော် ထုတ်ပေးထားပြီးဖြစ်ကြောင်း သတင်းရရှိသည်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မြေပုံနှင့် ပုဏ္ဏားကျွန်းမြို့နယ်များတွင် ဘင်္ဂါလီလူဦးရေစာရင်း ကောက်ယူ ခြင်းလုပ်ငန်းများကို ဇွန်လ ၇ ရက်မှစ၍ ပြုလုပ်နေခြင်းဖြစ်သည်။ အသက် (၁၀)နှစ်ပြည့်ပြီးသူတိုင်းကို စိစစ်မှုများပြုလုပ်၍ NVC ကတ်များ ထုတ်ပေးနေခြင်းဖြစ်သည်။ NVC ကတ်ရရှိသူများအား ၁၉၈၂ မြန်မာနိုင်ငံသား ဥပဒေအရ စိစစ်ရေးလုပ်ငန်းများပြုလုပ်ပြီး ဗဟိုအပါအဝင် အထက်သို့ တင်ပြရမည် ဖြစ်သည်။
‘‘NVC ကတ်ရထားသူကိုမှ ၁၉၈၂ နဲ့ စိစစ်ရမှာ’’ဟု အမည်မဖော်လိုသည့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။ NVC ကတ်များကို ကျောက်ဖြူမြို့နယ်တွင် ၉၂ ဦးနှင့်မြေပုံမြို့နယ်တွင် (၁၂၆) ဦးအား ထုတ်ပေးထားကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သတင်းရရှိသည်။
‘‘နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့အတွက် ဘင်္ဂါလီစာရင်း ကောက်တာဖြစ်တယ်။ သန်းခေါင်စာရင်းမှာ အကောက်မခံလို့ ပြန်ကောက်တာမဟုတ်ဘူး’’ ဟု ရခိုင်ပြည်နယ် လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းလွင်က ပြောသည်။
လူဦးရေစာရင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပုဏ္ဏားကျွန်းမြို့နယ် ကာဒီကျေးရွာ၌ NVC ကတ်တွင် လူမျိုးနှင့်ဘာသာအမည် ပါဝင်ခြင်းမရှိ၍ စာရင်းကောက်ယူခံရန် ငြင်းဆိုမှုရှိခဲ့ကြောင်း သတင်းရရှိသည်။
NVC ကတ် ထုတ်ပေးခြင်း လုပ်ငန်းများကို ကရင်၊ ကချင်၊ ရှမ်း စသည့် ပြည်နယ်များ၌ ဆောင်ရွက်နေပြီး တရားမဝင် ဝင်ရောက်လာမှုကို ကာကွယ်နိုင်ရန်ဖြစ် ကြောင်း သတင်းရရှိသည်။
ပုဏ္ဏားကျွန်းမြို့နယ်တွင် ဘင်္ဂလီအိမ်ထောင်စု ၄၂၁ စု၊ လူဦးရေ ၁၆၉၆ ဦး၊ မြေပုံမြို့နယ်တွင် ၆၄၁ စု၊ လူဦးရေ ၂၉၁၆ ဦးနှင့် ကျောက်ဖြူမြို့နယ်တွင် ၄၂၇ စု၊ လူဦးရေ ၁၁၉၈ ဦးရှိကြောင်း သိရသည်။
7 Day Daily