ပွဲပယ်ပြစ်ဒဏ် ၂ နှစ် ကျခံရမှုကို အယူခံဝင်ရန် ရှရာပိုဗာ စီစဉ်နေ

13315743_1043557422366809_8378334703439202028_n

တားမြစ်ဆေး သုံးစွဲမှုကြောင့် ၂ နှစ် ပွဲပယ်ပြစ်ဒဏ် ကျခံရခြင်းကို မာရီယာ ရှရာပိုဗာ အနေဖြင့် အယူခံဝင်သွားရန် စီစဉ်နေကြောင်း သိရသည်။ ရှရာပိုဗာသည် နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်၏ ဆေးစစ်မှုရလဒ် မအောင်မြင်ခဲ့ကြောင်း ပြီးခဲ့သည့် မတ်လက လူသိရှင်ကြား ဝန်ခံခဲ့သည်။ သူမအနေဖြင့် နှလုံးအားကောင်းစေသည့် Meldonium ဆေးဝါးကို ကျန်းမာရေး အခြေအနေအရ ဆယ်စုနှစ် တစ်ခုမျှ သုံးစွဲခဲ့ကြောင်း၊ သို့သော် အဆိုပါ ဆေးဝါးသည် ယခုနှစ်ဆန်းပိုင်းမှ စတင်၍ တားမြစ်ဆေး စာရင်းဝင်လာသည်ကို သတိမပြုမိဘဲ ဆက်လက် သုံးစွဲနေသဖြင့် ဆေးကျခဲ့ကြောင်း ရှရာပိုဗာက ရှင်းလင်းခဲ့သည်။

Meldonium ဆေးဝါးကို ပိတ်ပင်မှုသည် အငြင်းပွားစရာ အခြေအနေတစ်ခု ဖြစ်ခဲ့ပြီး ရုရှားအပါအဝင် အရှေ့ဥရောပ နိုင်ငံများတွင် တရားဝင် ခွင့်ပြုထားဆဲ ဖြစ်သည်။ ရှရာပိုဗာ၏ ကိစ္စကို နိုင်ငံတကာ တင်းနစ်အဖွဲ့ချုပ်က ကာလအတန်ကြာ အချိန်ယူပြီးမှ ၂ နှစ်ပွဲပယ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။ ရှရာပိုဗာသည် ဂုဏ်သိက္ခာပိုင်းအရ သူမ၏ ပြစ်ဒဏ်ကို အယူခံဝင်ဖွယ် ရှိသော်လည်း ပရော်ဖက်ရှင်နယ် တင်းနစ်လောကတွင် ဆက်လက် ရပ်တည်ဖွယ် မရှိတော့ချေ။

ရှရာပိုဗာသည် မော်ဒယ်လ်တစ်ဦး အနေဖြင့်လည်း အကြီးအကျယ် အောင်မြင်နေပြီ ဖြစ်သောကြောင့် အားကစား လောကကို အပြီးတိုင် ကျောခိုင်းသွားနိုင်ကြောင်း သတင်းများ ထွက်ပေါ်နေသည်။ သူမအနေဖြင့် ဆေးကျခဲ့သော်လည်း အဓိက စပွန်ဆာ ကုမ္ပဏီ တစ်ခုဖြစ်သည့် အားကစားပစ္စည်း လုပ်ငန်းစုကြီး Nikeက ရှရာပိုဗာနှင့် ဆက်လက် လက်တွဲမည်ဟု ကြေညာခဲ့သည်။ တင်းနစ်ရက်ကက်များ ထုတ်လုပ်သည့် Headကလည်း ယခုပြစ်ဒဏ် ချမှတ်မှုတွင် စစ်ဆေးဆုံးဖြတ်ပုံ အားနည်းချက်များစွာ ရှိနေကြောင်း ဝေဖန်ခဲ့ပြီး ရှရာပိုဗာဘက်မှ ဆက်လက် ရပ်တည်သွားမည်ဟု သတင်းထုတ်ပြန်ခဲ့သည်။

Nikeသည် အစောပိုင်းက ရှရာပိုဗာနှင့် လက်တွဲဆောင်ရွက်မှုများကို ဆိုင်းငံ့ထားသော်လည်း စီရင်ချက် အပြီးတွင် ကုမ္ပဏီ၏ သံတမန် တစ်ဦးအဖြစ် ဆက်လက် ထားရှိမည်ဟု အတည်ပြုခဲ့သည်။ အမေရိကန် ကုမ္ပဏီကြီးက “နိုင်ငံတကာ တင်းနစ် အဖွဲ့ချုပ်ရဲ့ ခုံရုံးဖွဲ့ စစ်ဆေးမှုအရ ရှရာပိုဗာဟာ စည်းမျဉ်းစည်းကမ်းတွေကို ရည်ရွယ်ချက်ရှိရှိ ဖောက်ဖျက်ခဲ့တာ မဟုတ်ကြောင်း ဖော်ထုတ် တွေ့ရှိခဲ့ပါတယ်။ တစ်ဖက်မှာ ရှရာပိုဗာ အနေနဲ့ သူမရဲ့ ရပ်တည်မှုကို အရှင်းလင်းဆုံး ပြသထားပြီးပါပြီ။ ရည်ရွယ်ချက် မပါတဲ့ အမှားအတွက် သူတောင်းပန်ခဲ့တယ်။ အခု ပြစ်ဒဏ်ကာလကို လျှော့ချပေးဖို့ အယူခံဝင်မှာ ဖြစ်ပါတယ်။ အခုဆုံးဖြတ်ချက်မှာ အားနည်းချက်တွေ ပါဝင်နေတယ်လို့ ယူဆတာကြောင့် ရှရာပိုဗာကို ကုမ္ပဏီက ဆက်လက် ထောက်ခံသွားမှာပါ။ သူနဲ့ ရှေ့ဆက် လက်တွဲဖို့ ဆုံးဖြတ်ထားပါတယ်”ဟု ကြေညာခဲ့သည်။

Forbes၏ အဆိုအရ ရှရာပိုဗာသည် ယမန်နှစ်က ဝင်ငွေ စတာလင်ပေါင် ၂၁.၉ သန်းမျှ ရှိခဲ့ပြီး ကမ္ဘာ့ဝင်ငွေ အကောင်းဆုံး အားကစားမယ်အဖြစ် ရပ်တည်ခဲ့ကြောင်း သိရသည်။ သို့သော် သူမ၏ ဝင်ငွေအများစုသည် ပြိုင်ပွဲ ဆုကြေးများမှ မဟုတ်ဘဲ ကြော်ငြာခနှင့် စပွန်ဆာများမှ ရရှိခဲ့ခြင်း ဖြစ်သည်။             

-Ref: CNN


Leave a Reply