ဆရီနာဝီလျံ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ်ဖြစ်လာ

2016-06-07-220321

ဇွန်လ ၄ ရက်နေ့က ပြုလုပ်ခဲ့သော ၂၀၁၆ ပြင်သစ်အိုးပင်းတွင် ဒုတိယဆုယူအပြီး

 

အမေရိကန် တင်းနစ်မယ် ဆရီနာဝီလျံဟာ ရှရာဗိုပါကို ကျော်ဖြတ်ကာ ကမ္ဘာ့အချမ်းသာဆုံး အားကစားမယ် ဖြစ်လာတယ်လို့ Forbes မဂ္ဂဇင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။

၂၀၁၆ ပြင်သစ်အိုးပင်း ဗိုလ်လုပွဲမှာ ဂါဘိုင်မူဂူရူဇာကို ရှုံးနိမ့်ခဲ့ပြီး နှစ်ရက်အကြာမှာ ဆရီနာရဲ့ကြွယ်ဝမှုကို ကမ္ဘာကျော် မဂ္ဂဇင်းကြီးက ထုတ်ပြန်လိုက်တာပါ။ ဆရီနာဟာ လွန်ခဲ့တဲ့ ၁၂ လ အတွင်း အမေရိကန်ဒေါ်လာ ၂၈.၉ သန်း ဝင်ငွေ ရခဲ့တယ်လို့ သတင်းမှာဖော်ပြထားပါတယ်။ သူမရဲ့ ကစားသမားဘဝ ဆုကြေးငွေဟာ ကန်ဒေါ်လာ ၇၇.၆ သန်း ရှိနေပြီး အခြားအားကစားမယ်တွေရဲ့ ဆုကြေးငွေထက် နှစ်ဆကျော် ပိုမိုများပြားတာလည်း ဖြစ်ပါတယ်။

ယခင်က ကမ္ဘာ့ဝင်ငွေအကောင်းဆုံး အားကစားမယ်အဖြစ် ရုရှားတင်းနစ်မယ် မာရီယာရှရာဗိုပါက နေရာယူထား တာပါ။ ပြီးခဲ့တဲ့ ၁၂ လ အတွင်းမှာတော့ ရှရာဗိုပါရဲ့ဝင်ငွေက ကန်ဒေါ်လာ ၂၁.၉ သန်းသာ ရှိခဲ့ပါတယ်။ ယခင်နှစ်တွေ ထက် ဝင်ငွေ ၈ သန်းလောက် လျော့ကျသွားခဲ့တဲ့ ရှရာဗိုပါရဲ့ အကြွယ်ဝဆုံး အားကစားမယ် ဂုဏ်ပုဒ်ကို ဒီနှစ်မှာ ဆရီနာဝီလျံက သိမ်းပိုက်နိုင်ခဲ့တယ်လို့ Forbes က ရေးသားထားပါတယ်။

Source : Forbes, CNA


Leave a Reply