ကိုပါပြိုင်ပွဲမှ နုတ်ထွက်မည်မဟုတ်ဟု အာဂျင်တီးနား ဘောလုံးဥက္ကဋ္ဌ ပြော
အာဂျင်တီးနား လက်ရွေးစင်အသင်းသည် အမေရိကန်နိုင်ငံတွင် ကျင်းပမည့် ကိုပါ အမေရိကဘောလုံးပြိုင်ပွဲ၌ မူလ စီစဉ်ထားသည့်အတိုင်း ၀င်ရောက် ယှဉ်ပြိုင်မည်ဖြစ်ကြောင်း အာဂျင်တီးနားဘောလုံးအဖွဲ့ချုပ် (AFA)ဥက္ကဋ္ဌက ပြောကြားပြီး ပြိုင်ပွဲမှ နုတ်ထွက်နိုင်ခြေရှိကြောင်း သတင်းများအား ဖယ်ရှားလိုက်သည်။
အစိုးရအဖွဲ့က ဘောလုံးအဖွဲ့ချုပ်အပေါ် လွှမ်းမိုးရန် ကြိုးစားနေခြင်းကို ကန့်ကွက်၍ အာဂျင်တီးနားအသင်းသည် ကိုပါပြိုင်ပွဲမှ နုတ်ထွက်နိုင်ဖွယ်ရှိသည်ဟု အာဂျင်တီးနား မီဒီယာသတင်း များကို AFA ဥက္ကဋ္ဌ လူးဝစ်စီဂူရာ က တုံ့ပြန်ခြင်းဖြစ်သည်။
‘‘ကျွန်တော် နုတ်ထွက်မှာ မဟုတ်ပါဘူး။ အာဂျင်တီးနားအသင်းလည်း အမေရိကန်က ပြန်လာမှာမဟုတ်ပါဘူး’’ဟု စီဂူရာ ကပြောသည်။
အာဂျင်တီးနားသည်တနင်္လာ နေ့တွင် ချီလီနှင့်ဖွင့်ပွဲ ကစားရမည်ဖြစ်သည်။ ဇွန်လ ၃၀ ရက်တွင် ကျင်းပရန် စီစဉ်ထားသော AFA ဥက္ကဋ္ဌ ရွေးကောက်ပွဲကို အုပ်ချုပ်ရေးပိုင်း မူမမှန်မှုများရှိသည်ဆိုပြီး အာဂျင်တီးနား တရားရေးဌာနက ကြားဝင်ဆိုင်းငံ့ခဲ့သည်။
ဖီဖာသည် ယေဘုယျအားဖြင့် ဘောလုံးအားကစားတွင် အစိုးရအဖွဲ့ဝင်ပါမှုကို ဆန့်ကျင်လေ့ရှိသည်။ အာဂျင်တီးနားဘော လုံးအဖွဲ့ချုပ်ကိစ္စကိုလည်း အနီးကပ်စောင့်ကြည့်လေ့လာနေသည်ဟု ဖီဖာက ထုတ်ပြန်ချက် တစ်ရပ်တွင် ပြောကြားသည်။
-Ref;AP