“ပြည်သူများအကျိုးကို ယခင်ကလည်း ဆောင်ရွက်ခဲ့သလို ယခုလည်းဆောင်ရွက်လျက်ရှိ ဆက်လက် ၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း” ပါတီဒုတိယဥက္ကဋ္ဌ ဦးဌေးဦး ပြောကြား
“မိမိအနေဖြင့် ပါတီဝင်တစ်ဦးဖြစ်၍ ပါတီက နိုင်ငံတော်နှင့် ပြည်သူများအကျိုးအတွက် ချမှတ်ထားသော မူဝါဒနှင့် လမ်းညွှန်ချက်များအား အကောင်အထည်ဖော်ရန် တာဝန်ရှိကြောင်း၊ ဟင်္သာတသားတစ်ဦးဖြစ်၍ ဟင်္သာတမြို့ ဖွံ့ဖြိုး တိုးတက် ရေးနှင့်ပတ်သက်၍ ဝတ္တရားရှိကြောင်း၊
ပြည်သူများအကျိုးကို ယခင်ကလည်း ဆောင်ရွက်ခဲ့သလို ယခုလည်းဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့ပါတီအနေဖြင့် ပြည်သူများအကျိုး ပိုမို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန်အတွက် ပါတီအဆင့်ဆင့် ပြန်လည်ပြင်ဆင် ရွေးချယ်ဖွဲ့စည်းရေး ဆောင်ရွက်နေကြောင်း၊ အခြေခံအားဖြင့် ရပ်/ကျေးစည်းရုံးရေးမှူးများဖြစ်ကြောင်း၊ ရပ်/ကျေး စည်းရုံး ရေးမှူးများရွေးချယ်ရာတွင် မိမိတို့ရပ်ကွက်အတွက် ပေါင်းစပ်ဆောင်ရွက်နိုင်ရန်ဖြစ်ကြောင်း၊
လူတိုင်းဖွံ့ဖြိုးတိုးတက်မှု၊ အေးချမ်းမှုကို လိုချင်ကြကြောင်း၊ အားလုံးပေါင်းစပ်ဆောင်ရွက်မှ ဖြစ်မည် ဖြစ်ကြောင်း၊ အခြေအနေပေးသည့်အချိန် ကိုယ့်ဒေသ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းလုပ်ဆောင်ရမည် ဖြစ်ကြောင်း၊ ဝိုင်းဝန်းအားပေးမှုရှိမှဖြစ်မည်ဖြစ်ကြောင်း၊ ရပ်/ကျေး စည်းရုံးရေးမှူးများအနေဖြင့် ရပ်မိရပ်ဖများ၏ သြဝါဒခံယူပြီး ပိုကောင်းအောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ရပ်မိရပ်ဖများက လည်း မိမိတို့ရပ်ကွက်အကျိုး ဆောင်ရွက်မည့်သူဖြစ်သည့်အတွက် မကြိုက်လျှင် ပြောကြားနိုင် ကြောင်း၊ လူမှန်နေရာမှန်ဖြစ်ရန်လိုကြောင်း၊ ပါတီ ရှင်သန်ခိုင်မာရေးအတွက် ဝိုင်းဝန်းဆောင်ရွက် ပေးကြရန်” ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက မေလ (၂၆) ရက် ညနေ (၄) နာရီခွဲအချိန်က ဟင်္သာတမြို့ ဘိုးသိန်းတန် ပရိယတ္တိစာသင်တိုက်အတွင်း၌ ရပ်မိရပ်ဖများ၊ ရပ်/ ကျေးစည်းရုံးရေးမှူးများ၊ ဒေသခံပြည်သူများနှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
တက်ရောက်လာကြသော ဒေသခံပြည်သူများက ဒေသဖွံ့ဖြိုးရေးအတွက် ဆွေးနွေးတင်ပြရာ ပြည်ခိုင်ဖြိုးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းပေးခဲ့သည်။
အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်ပြည်ခိုင်ဖြိုးပါတီ အတွင်းရေးမှူးနှင့် အလုပ်အမှုဆောင်များ၊ ရပ်/ကျေး စည်းရုံးရေးမှူးများ၊ ဒေသခံရပ်မိရပ်ဖများ၊ ပြည်သူများအင်အား (၆ဝ) တက်ရောက်ခဲ့ကြောင်း သိရ သည်။