မော်ရင်ဟိုကို မန်ယူအသင်း (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဟု ဗြိတိန်မီဒီယာများဖော်ပြ
မန်ယူအသင်းသည် သတင်းများထွက်ပေါ်ခဲ့သည့်အတိုင်း ချယ်လ်ဆီးနည်းပြဟောင်း မော်ရင်ဟိုကို (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်ကြောင်း ဗြိတိန်မီဒီယာများက ဖော်ပြခဲ့ကြသည်။
မန်ယူအသင်းသည် ဗန်ဟားလ်နှင့် သူ၏ နယ်သာလန်နည်းပြအဖွဲ့ကို ရာထူးမှ ထုတ်ပယ်လိုက်ပြီးနောက် မော်ရင်ဟိုကို အစားထိုးခန့်အပ်ရန် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နေခဲ့ခြင်းဖြစ်ပြီး (၃)နှစ်စာချုပ်ဖြင့် ခန့်အပ်ရန် သဘောတူညီမှု ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ယခုသဘောတူညီမှုအရ မော်ရင်ဟိုနှင့်အတူ သူ၏ ပေါ်တူဂီနည်းပြအဖွဲ့ဝင်များလည်း မန်ယူအသင်းသို့ ရောက်ရှိ လာမည်ဖြစ်ပြီး မော်ရင်ဟိုနှင့် မန်ယူအသင်းတို့သည် ပေါင်သန်း(၃၀)တန် စာချုပ်ချုပ်ဆိုသွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။
လက်ရှိအချိန်တွင် ပုံရိပ်မူပိုင်ခွင့်၊ အပိုဆုကြေးများနှင့် ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်သောကြောင့် မန်ယူအသင်း အနေဖြင့် အတည်ပြုသတင်းကို မေ(၂၆)တွင်မှ ကြေညာဖွယ်ရှိကြောင်းလည်း သိရှိရသည်။
-Ref; Mirror