အိုင်အက်စ် မြို့တော်အနီး ဒေသများတွင် ဆီးရီးယား သူပုန်အဖွဲ့တစ်ခု စစ်ဆင်ရေးများ စတင်

cfawr32

အမေရိကန်က လက်နက် တပ်ဆင်ပေးထားသည့် အက်စ်အီအက်ဖ် တပ်ဖွဲ့ဝင်များ။

အစ္စလာမ်မစ်နိုင်ငံတော် (အိုင်အက်စ်)၏ မြို့တော်ဖြစ်သော ရက္ကာအနီးတဝိုက်ဒေသများကို အမေရိကန်ထောက်ပံ့ ပေးနေသည့် ဆီးရီးယားသူပုန်များက ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။

ဆီးရီးယား ဒီမိုကရက်တစ်အင်အားစု (အက်စ်ဒီအက်ဖ်) သူပုန်အဖွဲ့သည် ရက္ကာအနီးတွင် လအတန်ကြာ လှုပ်ရှားနေပြီးနောက် မြို့၏မြောက်ပိုင်း ဧရိယာများကို သိမ်းယူသည့် စစ်ဆင်ရေးကို အစပြုခဲ့သည်။ အဆိုပါ အဖွဲ့သည် တပ်ဖွဲ့ဝင် သုံးသောင်းမျှကို ဖြန့်ကျက်ထားသည်။

အိုင်အက်စ်တို့သည် အနယ်နယ် အရပ်ရပ်တွင် စစ်ရေး အခြေမလှမှုများ ကြုံရပြီး ၎င်းတို့၏ လက်အောက်ခံ နယ်မြေများကို လက်လွှတ်ခဲ့ရသည့်နောက် ပြီးခဲ့သည့် လအနည်းငယ်အတွင်း ရက္ကာသို့ ဆုတ်ခွာကာ ခံစစ်အတွက် အစွမ်းကုန် ပြင်ဆင်နေကြောင်း မျက်မြင်များက ဆိုသည်။ အိုင်အက်စ်တို့ စိုးရိမ်သည့် ရန်သူအင်အားစုများတွင် အက်စ်ဒီအက်ဖ်လည်း အပါအဝင် ဖြစ်သည်။

အမေရိကန် ဦးဆောင်သည့် မဟာမိတ် လေတပ်သည် အဆိုပါ တပ်ဖွဲ့၏ စစ်ဆင်ရေးများအတွက် လေကြောင်းပစ်ကူ ပေးသွားမည်ဖြစ်ပြီး ရုရှား အစိုးရကလည်း ထောက်ခံထားကြောင်း သိရသည်။ အက်စ်ဒီအက်ဖ်သည် ၂၀၁၄ တွင် အိုင်အက်စ်တို့ အင်အားကြီးလာပြီးနောက် ၎င်းတို့၏ မြို့တော်အဖြစ် သတ်မှတ်ခဲ့သည့် ရက္ကာကို သိမ်းပိုက်ရန်မူ ရည်ရွယ်ဟန် မရှိချေ။

အက်စ်ဒီအက်ဖ်ကို အိုင်အက်စ်တို့၏ မဟာရန်သူ ကာ့ဒ်မျိုးနွယ်များကလည်း အကူအညီပေးနေပြီး အမေရိကန်က လက်နက်နှင့် ငွေကြေး ထောက်ပံ့ခဲ့သည်။ ၎င်းတို့သည် ဆီးရီးယား မြောက်ပိုင်းတွင် အိုင်အက်စ်တို့ကို တွန်းလှန်သည့် လှုပ်ရှားမှုများကို အဓိက ဦးဆောင်ခဲ့သည့် တပ်ဖွဲ့လည်းဖြစ်သည်။ အက်စ်အီအက်ဖ်သည် အမေရိကန်၏ လေကြောင်းပစ်ကူ ပေးမှုများနှင့်အတူ ဆီးရီးယား မြောက်ပိုင်း၌ စတုရန်းမိုင် တစ်သောင်းမျှ နယ်မြေကို ပြန်လည် ထိန်းချုပ် သိမ်းယူနိုင်ခဲ့ကြောင်းလည်း သိရသည်။

-Ref: BBC


Leave a Reply