ဖော်လူဂျာမြို့ကို အိုင်အက်စ်တို့ထံမှ သိမ်းယူမည်ဖြစ်၍ ဒေသခံများ ရှောင်ရှားနိုင်ရေး သတိပေး
ဘဂ္ဂဒက် မေ ၂၃
အီရတ်ဝန်ကြီးချုပ် ဟိုင်ဒါအယ်အက်ဘဒီသည် အိုင်အက်စ်အဖွဲ့က အခိုင်အမာ တပ်စွဲထားသော ဖော်လူဂျာမြို့ကို ပြန်လည်သိမ်းပိုက်နိုင်ရေး တိုက်ပွဲများ ဆင်နွှဲ မည်ဖြစ်ရာ တိုက်ပွဲများ မစတင်မီ ဒေသခံများ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နိုင်ရေး အီရတ်တပ်ဖွဲ့မှ သတိပေးမှုများ ပြုလုပ်ထားသည်။ ”ဖော်လူဂျာမြို့ လွတ်မြောက်ဖို့ သိပ်မကြာတော့ပါဘူး။
အောင်မြင်မှုတွေ ရရှိဖို့ အလွန်နီးကပ်လာပါပြီ” ဟု အီရတ် ဝန်ကြီးချုပ်က ၄င်း၏ တွစ်တာစာမျက်နှာပေါ်တွင် ဂျီဟတ်အုပ်စုတို့ကို ရည်ရွယ်၍ အာရပ်ဘာသာစကားဖြင့် ရေးသားခဲ့သည်။
ဖော်လူဂျာမြို့သိမ်းတိုက်ပွဲကို အီရတ်တပ်ဖွဲ့ဝင်များ၊ ရဲများ၊ ဒေသခံမျိုးနွယ်စု များ၊ ရှီးယိုက်မဟာမိတ်များနှင့်အတူ ဆင်နွှဲသွားမည်ဖြစ်သည်ဟု ၄င်းက ထပ်မံပြောကြား သည်။ အမေရိကန် ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့များသည် အီရတ်နှင့်ဆီးရီးယားရှိ အိုင်အက်စ်စစ်သွေးကြွများရှိရာနေရာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။
ဆွန်နီဂျီဟတ်အုပ်စုများအခြေစိုက်ရာ ဖော်လူဂျာမြို့သည် ဘဂ္ဂဒတ်မြို့ အနောက်ဘက် မိုင် ၃ဝ အကွာတွင် တည်ရှိပြီး ၂ဝ၁၄ ခုနှစ်၌ ဂျီဟတ် အုပ်စုများ လက်အတွင်းသို့ အစောဆုံး ကျရောက်သော မြို့လည်းဖြစ်သည်။
အီရတ်တပ်ဖွဲ့ဝင်များ၊ ရဲများနှင့် လေကြောင်းမှ မဟာမိတ်တပ်များသည် လွန်ခဲ့ သည့်နှစ်ကတည်းက ဖော်လူဂျာမြို့ကို ဝိုင်းထားသဖြင့် အိုင်အက်စ်တို့က ဒေသခံများ ထွက်ပြေးခြင်းမရှိအောင် ပိတ်ဆို့ထားသည်။
မြို့မှ ထွက်ပြေးနိုင်စွမ်းမရှိသည့် မိသားစုများသည် ၄င်းတို့၏ နေအိမ်၌ အလံဖြူအမှတ်အသားများ ထားရှိရန် အီရတ်တပ်ဖွဲ့က ရုပ်မြင်သံကြားမှတစ်ဆင့် သတိပေးမှုများ ပြုလုပ်ထားသည်။
(ရိုက်တာ)