အီဂျစ် ခရီးသည်တင်လေယာဉ် ပျက်မကျမီ လမ်းကြောင်းပြောင်းမှု မရှိခဲ့
မြေထဲပင်လယ်ထဲ ပျက်ကျခဲ့သည့် အီဂျစ်လေကြောင်းပိုင် ခရီးသည်တင် လေယာဉ်သည် ပျက်မကျမီ ဦးတည်ချက် ပြောင်းလဲခဲ့ကြောင်း ဖော်ပြချက်များကို အီဂျစ် အာဏာပိုင်များက ငြင်းဆိုသွားသည်။
အီဂျစ်လေကြောင်းပိုင် Airbus A320 လေယာဉ်သည် မေ ၁၇ ရက်က ပါရီမှ ကိုင်ရိုသို့ ပျံသန်းစဉ် ဂရိရေပိုင်နက် အနီး၌ ပျက်ကျခဲ့သည်။ ဂရိကာကွယ်ရေး ဝန်ကြီးဌာနက လေယာဉ်သည် ပျက်မကျမီ ဘယ်ဘက်သို့ ၉၀ ဒီဂရီ
စောင်းချလိုက်ပြီး ထို့နောက်တွင် ၃၆၀ ဒီဂရီ လည်ဆင်းသွားပြီးမှ ရေထဲထိုးကျခဲ့သည်ကို ရေဒါမှတ်တမ်းများတွင် ဖမ်းယူ တွေ့ရှိခဲ့သည်ဟု အစောပိုင်းက ကြေညာခဲ့သည်။
သို့သော် အီဂျစ် လေကြောင်းကွပ်ကဲရေးဌာန အရာရှိ တစ်ဦးက လေယာဉ်ပျံသန်းခဲ့သည့် လမ်းကြောင်းနှင့် ပတ်သက်၍ သမားရိုးကျ မဟုတ်သည့် အပြောင်းအလဲမရှိခဲ့ဟု ပြန်လည် ငြင်းဆန်ခဲ့သည်။ အီဂျစ်အစိုးရက အထောက်အပံ့ ပေးထားသည့် လေကြောင်းလမ်းညွှန်ဌာန အကြီးအကဲ အီဟက်ဘ် အက်ဇ်မီက လေယာဉ်သည် သတ်မှတ် လမ်းကြောင်းအတိုင်း ပေ ၃၇၀၀၀ အမြင့်တွင် ပုံမှန် ပျံသန်းနေရာမှ ရေဒါထဲတွင် ပျောက်ကွယ်
သွားခြင်းဟု ပြောကြားခဲ့သည်။
“ဂရိ အာဏာပိုင်တွေ ပြောတာက လေယာဉ် ရုတ်တရက် နိမ့်ဆင်းသွားပြီး ဦးလည်သွားတာကို ဆိုလိုတာ ထင်ပါတယ်”ဟု ၎င်းက မှတ်ချက်ပေးခဲ့သည်။ အီဂျစ်နှင့် ဂရိ အာဏာပိုင်များကြား လေယာဉ်၏ နောက်ဆုံးအချိန်
ဖြစ်ပျက်ပြောင်းလဲမှုအပေါ် သဘောထား ကွဲလွဲနေခြင်းက လေယာဉ် ပျက်ကျမှု အကြောင်းရင်းကို ပိုမို ပဟေဠိ ဆန်လာစေသည်။
လေယာဉ်ပေါ်တွင် စုစုပေါင်း လူ ၆၆ ဦး စီးနင်းလိုက်ပါသွားပြီး လတ်တလောတွင် လေယာဉ်မှ အစိတ်အပိုင်း အချို့နှင့် ခရီးသည်အချို့၏ ရုပ်အလောင်း အပိုင်းအစများကို ရှာဖွေရေး အဖွဲ့များက တွေ့ရှိထားပြီ ဖြစ်သည်။ သို့သော်လည်း လေယာဉ်ကိုယ်ထည်နှင့် ပျံသန်းမှု မှတ်တမ်းတင် ကိရိယာ Black Boxတို့ကို ဆက်လက် ရှာဖွေနေဆဲဟု သိရှိရသည်။
Ref: CNN