နည်းပြ ဗန်ဂါးလ်ကို မန်ယူအသင်းထုတ်ပယ်

Vanga

နည်းပြ လူးဝစ်ဗန်ဂါးလ် အသင်းကနေ ထွက်ခွာသွားပြီလို့ မန်ချက်စတာယူနိုက်တက်က တရားဝင် ဖော်ပြပါတယ်။

ဗန်ဂါးလ်ဟာ မန်ယူအသင်းကို ၂ နှစ် ကိုင်တွယ်ခဲ့ပြီး ပြီးခဲ့တဲ့ မေ ၂၁ ရက်နေ့က အက်ဖ်အေဖလားရရှိအောင် ဦးဆောင်မှုပေးခဲ့ပါတယ်။

ဒါပေမယ့် အသင်းအတွက် ချန်ပီယံလိဂ်ဝင်ခွင့် မစွမ်းဆောင်နိုင်လို့ ထုတ်ပယ်ခံလိုက်ရတာပါ။

မန်ယူအသင်းရဲ့ အမှုဆောင်အရာရှိချုပ် ဝုဒ်ဝတ်ဒ်က နည်းပြသစ်ဖြစ်လာဖွယ်ရှိတဲ့ မော်ရင်ဟိုကို စတာလင်ပေါင် ၄ သန်းပေးထားပြီး ဇန်နဝါရီလကတည်းက အခြားဘယ်အသင်းမှာမှ နည်းပြမလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဗြိတိန် မီဒီယာတွေက ဖော်ပြပါတယ်။

မန်ယူအသင်းဟာ ဖာဂူဆန်လက်ထက်မှာ ပရီးမီးယားလိဂ်ဖလားကို ၁၃ ကြိမ်မြောက် ရရှိခဲ့ပြီး လက်ရှိနည်းပြ လက်ထက်မှာတော့ အမှတ်ပေးဇယားရဲ့ အဆင့် ၄ နဲ့ ၅ နေရာမှာပဲ ရပ်တည်နိုင်ပါတယ်။

မော်ရင်ဟိုဟာ ချဲလ်ဆီးအသင်းကို နည်းပြအဖြစ် ကိုင်တွယ်ခဲ့စဉ်က ပရီးမီးယားလိဂ် ဖလားရအောင် စွမ်းအောင် ပေးနိုင်ခဲ့ပြီး မနှစ်က တကျော့ပြန် ကိုင်တွယ်ချိန်မှာတော့ ရလဒ်မကောင်းဘဲ အဖြုတ်ခံခဲ့ရပါတယ်။

မော်ရင်ဟိုဟာ ပေါ်တို၊ အင်တာမီလန် အသင်းတွေနဲ့ ချန်ပီယံလိဂ်ဖလားတွေ ရရှိဖူးပြီး သူနည်းပြတဲ့ အသင်းတိုင်းမှာ အနည်းဆုံး အမှတ်ပေးဖလားတွေ ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

(ရိုက်တာ)


Leave a Reply