ကနေဒါ၌ တောမီးလောင်ကျွမ်းမှုကြောင့် လူပေါင်း ၈၈ဝဝဝ ထွက်ပြေးခဲ့ရ
အယ်လ်ဘာတာ မေ ၅
ကနေဒါအနောက်ပိုင်း၌ တောမီးလောင်ကျွမ်းမှုကြောင့် အဆောက်အအုံပေါင်း ၁၆ဝဝ ခန့်ပျက်စီးဆုံးရှုံးခဲ့ရသည်။ မြို့တွင်း၌ အတော်များများပျက်စီးခဲ့ပြီး လူပေါင်း ၈၈ဝဝဝ မှာ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရကြောင်း ဗုဒ္ဓဟူးနေ့တွင် အာဏာပိုင်များက ပြောသည်။
အနီးအနားဝန်းကျင်ကိုပါ ကူးစက်လောင်ကျွမ်းခဲ့ပြီး အပျက်အစီးများအနည်းငယ်ရှိခဲ့သည်။ ကနေဒါ၏ ရေနံလုပ်ကွက်များ ရှိရာ နယ်မြေ အယ်လ်ဘာတာမြို့တော်အရှေ့မြောက်ဘက်၌ အိမ်အများအပြားမီးကူးစက် လောင်ကျွမ်းခဲ့ကြောင်း အခြေအနေဆိုးရွားကြောင်း သိရသည်။
တောမီးကြောင့် ပျက်စီးဆုံးရှုံးမှုအခြေအနေများကို အတိအကျမသိရသေးဟု အာဏာပိုင်များက ဖော်ပြထားသော်လည်း ထွက်ပြေးသူများအထဲမှ ကားတစ်စီးတိမ်းမှောက်မှုကြောင့် သေဆုံးသူများရှိကြောင်း သိရသည်။ ရေနံလုပ်ကွက်များ၊ မြင်းစီး လေ့ကျင့်ရေးကွင်းများ၌ လူထောင်ပေါင်းများစွာမှာ ယာယီတဲစခန်းများထိုးလျက် နေထိုင်နေကြပြီး အစာရေစာ ပြတ်လပ်နေသည်။
အခြေအနေမှာ မြို့တော်နှင့် ၃၇ မိုင်အကွာမှပင် မီးခိုးများကိုမြင်တွေ့နိုင်ကြောင်း၊ လမ်းမကြီးပေါ်၌လည်း ထွက်ပြေး လာသူများနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးဆိုးရွားရွားဖြစ်နေကြောင်း သိရသည်။
တနင်္ဂနွေနေ့ကတည်းက ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ပေါ်လျက်ရှိနေပြီး ဧက ၁၈၅ဝဝ ခန့် မီးလောင်ကျွမ်းနေသဖြင့် မီးသတ်သမားများအနေဖြင့် မီးကို ငြှိမ်းသတ်ရန် မတတ်နိုင်ဘဲဖြစ်နေကြသည်။ (ရိုက်တာ)