ရန်ကုန်မြို့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်တွင် ရှိနေ

13081804_1136480829709399_320826700_n

မန္တလေးနှင့် နေပြည်တော်တွင် မိုးရွာသွန်းမှုကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းများ လျော့ကျသွားသော်လည် ရန်ကုန်မြို့တွင် မိုးရွာသွန်းမှု နည်းပါးနေ သောကြောင့် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့်တွင် ရှိနေကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာဦးကျော်မိုးဦးက ဆိုသည်။ “အခုရက်ပိုင်း အလယ်ပိုင်းမှာ မိုးရွာလိုက်တဲ့အတွက် မန္တလေးနဲ့ နေပြည်တော်မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်းက ၇ ဒသမ ၄ ပဲ ရှိတော့တယ်။ ရန်ကုန်မှာကတော့ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း ၉ ဒသမ ၄ လောက်အထိ ဖြစ်နေတယ်။ ကျွန်တော်တို့ ဌာနက အခု ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်မှာပဲ ခရမ်းလွန်ရောင်ခြည် တိုင်းတာရေး စက်တွေနဲ့ တိုင်းတာမှုတွေ ကိုယ်တိုင်ပြုလုပ်နေပါပြီ။ ကျန်ပြည်နယ်နဲ့ တိုင်းမှာတော့ တိုင်းတာမှု မပြုလုပ်နိုင် သေးပါဘူး။

 ခရမ်းလွန် ရောင်ခြည်ကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ပြသနာတွေကိုလည်း ကျန်းမာရေး ၀န်ကြီးဌာန က ထုတ်ပြန်ချက်အတိုင်း လိုက်နာ ဆောင်ရွက်သင့်ပါ တယ်” ဟု ဒေါက်တာ ဦးကျော်မိုးဦးက ပြောကြား သည်။ မေ ၃ ရက် နေ့ အပူချိန်တွင်လည်း ရန်ကုန်တိုင်း ဒေသကြီး၌ အပူချိန် လျော့ကျသွားခြင်း မရှိဘဲ ၄၀ ဒီဂရီ စင်တီဂရိတ်အထိ ရှိနေကြောင်း၊ မန္တလေးတိုင်း ဒေသကြီးတွင် အမြင့်ဆုံးအပူချိန် ၃၆ ဒီဂရီ စင်တီဂရိတ်နှင့် နေပြည်တော်တွင် ၃၈ ဒီဂရီ စင်တီဂရိတ်တွင် ရှိပြီး အပူချိန် အနည်းငယ် ကျဆင်းသွား ကြောင်း မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။ မြန်မာနိုင်ငံ အနှံ့တွင် ခရမ်းလွန် ရောင်ခြည် အညွှန်းကိန်းမြင့်မားနေပြီး ခရမ်းလွန်ရောင်ခြည် အန္တရာယ် ပိုမိုကျရောက် နိုင်ခြင်းကြောင့် ကျန်းမာရေးဝန်ကြီးဌာနက သတိပေးနှိုးဆော်ချက် ထုတ်ပြန် ကြေညာခဲ့သည်။ ဒေသအနှံ့တွင် ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း လွန်ကဲအဆင့် ၁၁ သို့ ရောက်ရှိလာနိုင်ကြောင်း မတ်လလယ် အတွင်းက မိုးလေ၀သပညာရှင် ဒေါက်တာ ဦးထွန်းလွင်က သတိပေးခဲ့ကြောင်းနှင့် ခရမ်းလွန်ရောင်ခြည် လတ်တလော ထိတွေ့မှုကြောင့် နေလောင်ခြင်း၊ အသားအရောင် ညိုလာခြင်းတို့ဖြစ်ပြီး ထိတွေ့မှု ကာလကြာသောအခါ မျက်စိတိမ်စွဲခြင်း၊ အရေပြား အိုမင်းရင့်ရော်ခြင်း၊ ခုခံအားကျဆင်းခြင်း၊ အရေပြား ကင်ဆာဖြစ်ခြင်း ရောဂါများ ဖြစ်ပွားနိုင်ကြောင်း ကျန်းမာရေး ၀န်ကြီးဌာနမှ သိရသည်။

ခရမ်းလွန် ရောင်ခြည်အန္တရာယ် အသိပေး နှိုးဆော်ချက်အရ ပူပြင်းသော နေရောင်ခြည်အောက်တွင် အလုပ်လုပ်ပါက မိမိ၏အသားကို နေရောင်ခြည်နှင့် တိုက်ရိုက် မထိတွေ့အောင် ကာကွယ်ရန်၊ နေရောင်ခြည် အောက်တွင် သွားလာလှုပ်ရှားရန် လိုအပ်ပါက မျက်နှာ၊လည်ပင်း၊ ပခုံးကို လုံခြုံသော ဦးထုပ်၊ ထီးစသည်တို့ ဆောင်းသွားရန်၊ အ၀တ်လွတ်ကင်းနေသော လက်၊လည်ပင်းနှင့် ပခုံးစသည့် နေရာများကို သနပ်ခါးထူထူ သို့မဟုတ် SPF 15+ ပါဝင်သော နေရောင်ခံ လိမ်းဆေးကို နေရောင်ခြည်ထဲ မထွက်မီ ၁၅ မိနစ်ခန့် ကြိုလိမ်းရန်နှင့် နေရောင်ခံလိမ်းဆေး တစ်ခါ လိမ်းပြီး နှစ်နာရီကြာပြီးတိုင်း နောက်တစ်ကြိမ် ထပ်လိမ်းရန်၊ ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်နိုင်ရန် ခရမ်းလွန်ရောင်ခြည် အလွယ်တကူ မဖောက်နိုင် အရောင်ရင့် အ၀တ်အထည်များ၊ ထူသော အ၀တ်အထည်များကို ၀တ်ရန်၊ ခရမ်းလွန်ရောင်ခြည်ကြောင့် မျက်စိထိခိုက် နိုင်ပါသဖြင့် အလှအပသက်သက် ထုတ်လုပ်ထားသော နေကာမျက်မှန်များထက် (၉၉ရာခိုင်နှုန်း) ကာကွယ် ပေးနိုင်သည့် နေကာမျက်မှန်ကို ရွေးချယ်အသုံးပြုရန်၊ ကလေးငယ်များသည် လူကြီးများထက် ခရမ်းလွန် ရောင်ခြည်ကြောင့် ထိခိုက်မှု အန္တရာယ်ကို ပိုမိုခံစားရသောကြောင့် လူကြီးမိဘများ အနေဖြင့် အသက် တစ်နှစ်အောက်ငယ်သော ကလေးငယ်များကို နေပူထဲသို့ ခေါ်ဆောင်ခြင်း မပြုရန်နှင့် ကလေးများကို အရိပ်ထဲတွင်သာ ကစားစေရန်၊ အပြင်ထွက်ရန် လိုအပ်ပါက သနပ်ခါးထူထူ သို့မဟုတ် နေရောင်ခံ လိမ်းဆေးကို မျက်နှာ၊လည်ပင်း၊ ပခုံး၊နောက်ကျော၊ ခြေထောက်နှင့် ခြေဖမိုးပေါ်သို့ လိမ်းပေးရန်နှင့် ခရမ်းလွန်ရောင်ခြည် မဖောက်နိုင်သော အ၀တ်များဝတ်ရန်၊ နေကာမျက်မှန်တပ်ရန်၊ ဦးထုပ်၊ ထီးဆောင်းရန် စသည့် အချက်များကို သတိပေး နှိုးဆော်ချက်တွင် ထည့်သွင်း ရေးသားထားသည်။


Leave a Reply