လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို AYA BANK CUP 2016 အမည်ဖြင့် ကျင်းပမည်

49684984198

အိမ်ရှင်အဖြစ် ကျင်းပမည့် ဆူဇူကီးဖလားဘောလုံးပြိုင်ပွဲအတွက် ပြင်ဆင်လေ့ကျင့်နေသည့် မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း အထောက်အကူပြုစေရန် ရည်ရွယ်ကျင်းပမည့် လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲကို ပြည်တွင်းအခြေစိုက် AYA BANK CUP 2016 အမည် ဖြင့် ကျင်းပမည်ဟု သတင်းရရှိသည်။

အိမ်ရှင် မြန်မာ၊ စင်ကာပူ၊ ဗီယက်နမ်၊ ဟောင်ကောင်အသင်းတို့ပါဝင်ယှဉ်ပြိုင်မည့် လေးနိုင်ငံဖိတ်ခေါ်ပြိုင်ပွဲကို ဇွန်လ ၃ ရက် မှ ၅ ရက်အထိ ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါပြိုင်ပွဲကို မူလက မြန်မာဘရူဝါရီလီမိတက်က အဓိက စပွန်ဆာပေးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိ တွင် AYA BANK က အဓိကပံ့ပိုး ပေးမည်ဖြစ်သည်။ လေးနိုင်ငံဖိတ်ခေါ်ဘောလုံးပြိုင်ပွဲနှင့် သက်ဆိုင်သည့် သတင်းစာရှင်းလင်းပွဲကို လာမည့် မေလ ၃ ရက် မွန်းလွဲ ၂ နာရီတွင် ဟိုတယ် ရန်ကုန်၌ ကျင်းပမည်ဖြစ်ကြောင်း ဘောလုံးအဖွဲ့ချုပ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

‘‘ပြိုင်ပွဲနဲ့ ပတ်သက်တဲ့ အကြောင်းရော ပြိုင်ပွဲအပေါ်မှာ စပွန်ဆာအကြောင်းကိုပါ မေလ ၃ ရက်သတင်းစာရှင်းလင်းပွဲကျမှ မေးပါ။ အားလုံးဖြေပါ့မယ်’’ဟု ၎င်းက ပြောသည်။ မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်ကမူ အဆိုပါပြိုင်ပွဲ၌ မြန်မာအသင်းအနေဖြင့် အသင်းကောင်းများနှင့် ရင်ဆိုင်ခွင့်ရမည်ဖြစ်၍ အကျိုးရှိမည့် ပြိုင်ပွဲတစ်ခုဟု ဆိုထားသည့်အပြင် ဗိုလ်စွဲရန် ရည်မှန်းထားကြောင်း ပြောကြားထားသည်။

‘‘ဖိတ်ခေါ်ပြိုင်ပွဲဆိုပေမယ့် အိမ်ရှင်လုပ်တဲ့ ပြိုင်ပွဲဖြစ်လို့ ဗိုလ် စွဲဖို့ ကြိုးစားမှာပါ။ အားလုံးက အသင်းကောင်းတွေဆိုပေမယ့် မြန်မာက အသင်းလိုက်စုစည်း ကစားမှုနဲ့ တိုက်ပွဲဝင်စိတ်ဓာတ်ပိုင်းမှာ အားသာချက်ရှိပါတယ်။ ပြိုင်ဘက်တွေကို ကျော်ဖြတ်ပြီး ဗိုလ်စွဲမယ်လို့ ယုံကြည်ထားတယ်’’ဟု ဂတ်ဖရိုင်းဒရစ်က ဆိုသည်။

ထို့အပြင် မြန်မာအသင်းသည် အဆိုပါပြိုင်ပွဲအပြင် မေလ ၂၈ ရက်တွင် မလေးရှားလက်ရွေးစင်အသင်းနှင့် ရန်ကုန်မြို့ သုဝဏ္ဏကွင်း၌ ခြေစမ်းကစားမည်ဖြစ်သည်။ ၂၀၁၆ ဆူဇူကီးဖလားဘော လုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များကို အောက်တိုဘာ အတွင်း မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့ ပူးတွဲကျင်းပမည်ဖြစ်သည်။

(7 Day Daily)


Leave a Reply