ပွဲမပြီးခင် ကွင်းထဲမှ ထွက်ခဲ့သည့် ရော်နယ်ဒို ချဲလ်ဆီးနှင့် ကစားမည့်ပွဲ လူစာရင်း၌ ချန်ထားခံရ

မန်ယူအသင်း၏နည်းပြ တန်ဟက်ဂ်သည် စပါးအသင်းကို  အနိုင်ရခဲ့သည့်ပွဲတွင် လူစားဝင်ကစားရန် ငြင်းဆန်ခဲ့ပြီး ပွဲမပြီးဆုံးမီ အရန်ခုံတန်းမှ ထွက်ခွာသွားခဲ့သည့် ၀ါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုကို ချယ်လ်ဆီးနှင့်ပွဲ လူစာရင်းမှ ချန်လှပ်လိုက်ကြောင်း သိရသည်။

စီရော်နယ်လ်ဒို၏ လုပ်ရပ်နှင့်ပတ်သက်ပြီး မီဒီယာများ၏ ပွဲအပြီး မေးမြန်းမှုများအပေါ်  အဲရစ်တန်ဟက်ဂ်က ယခုအချိန်တွင် စပါးအသင်းကို အနိုင်ရရှိခဲ့ခြင်းနှင့် ယင်းပွဲတွင်ပြသခဲ့သည့် စွမ်းဆောင်ရည်အတွက် ကျေနပ် ပျော်ရွှင်နေကြောင်း၊ စီရော်နယ်လ်ဒို၏ လုပ်ရပ်အတွက် နောက်နေ့မှ ဆွေးနွေးအဖြေရှာသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပြီးနောက် ကြာသပတေးနေ့တွင် ၎င်း၏ ဆုံးဖြတ်ချက်အား မန်ယူအသင်းက အတည်ပြု ကြေညာခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်း၏ ကြေညာချက်၌ ”စနေနေ့ ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်မယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ လူစာရင်းမှာ ခရစ္စတီယာနို မပါဝင်ပါဘူး။ ကျန်တဲ့ ကစားသမားတွေအားလုံး အဲဒီပွဲအတွက် အပြည့်အဝ အာရုံစိုက်ပြင်ဆင်နေပါတယ်”ဟု ပါရှိခဲ့သည်။

မန်ယူအသင်းသည် စီရော်နယ်လ်ဒိုကို ဒဏ်ငွေချမှတ်ဖွယ်ရှိကြောင်းလည်း သတင်းထွက်နေသည်။

လက်ရှိအချိန်တွင် မန်ယူအသင်း၌ စီရော်နယ်လ်ဒို ရှိနေခြင်းနှင့်ပတ်သက်၍ အမြင်များ ကွဲပြားလျက်ရှိပြီး ပရိသတ်များအကြားတွင်လည်း စီရော်နယ်လ်ဒိုအပေါ်  အသုံးပြုသင့်၊ မပြုသင့်နှင့်ပတ်သက်သည့် ငြင်းခုံမှုများ ကျယ်လောင်လျက်ရှိသည်။

တန်ဟက်ဂ်သည် ယခုရာသီတွင် အသင်းကြီး (၃)သင်းဖြစ်သည့် လီဗာပူးလ်၊ အာဆင်နယ်၊ စပါးအသင်းတို့နှင့် ရင်ဆိုင်ခဲ့ရာတွင် စီရော်နယ်လ်ဒိုအား အသုံးပြုခြင်းမရှိဘဲ နိုင်ပွဲများ ရယူနိုင်ခဲ့ခြင်းအတွက် အသင်းပရိသတ်အချို့၏ ထောက်ခံမှုကို ရရှိထားသည့်တိုင် အချို့ပရိသတ်များကလည်း စီရော်နယ်လ်ဒိုအပေါ် သူ၏ ပြုမူဆက်ဆံပုံ များကြောင့် စီရော်နယ်လ်ဒို ရုန်းကန်နေရခြင်းဖြစ်ကြောင်း သုံးသပ်မှုများရှိနေသည်။