အစိုးရနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ ရန်ကုန်မြို့၌ ဆွေးနွေးပွဲ ပြုလုပ်ရန်ကြိုးပမ်းနေ
အစိုးရနှင့် NCA လက် မှတ်ထိုးတိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ တွေ့ဆုံပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ်များ ရှေ့ဆက်ဆောင်ရွက်နိုင်ရေး ပြင်ဆင်သည့် အစည်းအဝေးကို ရန်ကုန်မြို့၌ ပြုလုပ်ရန် ကြိုးပမ်းနေကြောင်း ငြိမ်းချမ်းရေးကော်မရှင် အကြံပေး ဦးလှမောင်ရွှေက ပြောသည်။ ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေး များတွင် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS) တို့ ပါ ပြင်ဆင်မှုအစည်းအဝေးသို့ တက်ရောက်နိုင်ရေး ကြိုးပမ်းနေကြောင်း ၎င်းကဆိုသည်။
ကော်မရှင်နှင့် KNU၊RCSS တို့သည် ဇန်နဝါရီ ၁၃ ရက်နှင့်၁၄ ရက် တွင် ထိုင်းနိုင်ငံချင်းမိုင်၌ သီးခြားစီအလွတ် သဘောတွေ့ဆုံဆွေးနွေးခဲ့ရာ တိုးတက်သည့်ရလဒ်များ ရရှိခဲ့သည်ဟုဆိုသည်။ ‘‘၁၀ ဖွဲ့ကို ပြင်ဆင်တဲ့ အစည်းအဝေးခေါ်ဖို့ဆိုတာရှိတယ်။ အဲဒါကလည်း ကျွန်တော်တို့တိုင်းရင်းသား လက်နက်ကိုင်လက်မှတ် ထိုးထား တဲ့ အဖွဲ့တွေနဲ့ ညှိနှိုင်း ပြီးတော့ခေါ်ဖို့ ဆောင်ရွက်ဖို့ လုပ်နေပါ တယ်’’ ဟု ဦးလှမောင်ရွှေက ပြောသည်။
အဆိုပါပြင်ဆင်မှု အစည်းအဝေးကို ယခုလမကုန်မီဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ၎င်းက ပြောကြားပြီး ကျင်းပမည့် ရက်ကို တိုင်းရင်းသားအဖွဲ့များနှင့် ညှိနှိုင်းမည်ဟုဆိုသည်။ NCA လက်မှတ်ထိုး ၁၀ ဖွဲ့ပါဝင်သည့် တွေ့ဆုံ ဆွေးနွေးပွဲ ဖြစ်ပေါ်ရေး အစိုးရထံ အကြံပြုခဲ့ကြောင်း ပအိုဝ်းလက်နက်ကိုင်အဖွဲ့ (PNLO) ဦးဆောင်နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
‘‘ဦးဆောင်နှစ်ဖွဲ့ (KNU နှင့် RCSS) ယာယီရပ်ဆိုင်းထားတဲ့ အခြေအနေဖြစ်နေတော့ ကျန်တဲ့ အဖွဲ့တွေကလည်း ကိုယ်တိုင်ထ ပြီး ရုန်းကန်မယ်ဆိုလည်း ကြည့် လို့မလှဘူး။ ဒါကြောင့် ပြည် ထောင်စုအဆင့်ပြည်ထောင်စုအ ကြီးအကဲများနဲ့ NRPC တို့လို့၊ PC တို့လိုက ဦးဆောင်ပြီး ကျွန်တော်တို့ ဆုံတွေ့ဆွေးနွေးနိုင်တဲ့ အခင်းအကျင်း လုပ်ပေးမှသာလျှင် လမ်းပွင့်မှာပေါ့။ ၂၀၁၉ နှစ်ဦးမှာ ကျွန်တော်တို့ ဝိုင်းဝန်းအကြံပြုထားတာ။ ဒါကြောင့် အစိုးရက ကြိုးပမ်းမယ်ဆိုတာ အင်မတန်မှ သင့်လျော်ပါတယ်’’ ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါဝင်မှု ယာယီရပ်ဆိုင်းထားသည့် KNU နှင့် RCSS တို့ တရားဝင် ဆွေးနွေးပွဲများတွင် ပြန်လည်ပါ ဝင်လာနိုင်ရေး ရည်ရွယ်ပြီး ယခုကဲ့သို့ အလွတ်သဘောပြင်ဆင်သည့် ဆွေးနွေးပွဲကျင်းပရန် အကြံပြုခြင်း ဖြစ်သည်ဟု ၎င်းကဆိုသည်။