လူထုတွေ့ဆုံပွဲများ ကန့်သတ်ခံရမှုအပေါ် ထိပ်သီးခေါင်းဆောင်များ၏လမ်းညွှန်မှု ရယူအဖြေရှာမည်ဟု NCA လက်မှတ်ထိုးရှစ်ဖွဲ့ဆို

 

အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ပြုလုပ်သည့် လူထုတွေ့ဆုံပွဲများနှင့်ပတ်သက်ပြီး ကန့်သတ်မှုများ ကြုံနေရခြင်းအပေါ် ထိပ်သီးခေါင်းဆောင်များ၏ လမ်းညွှန်မှုရယူအဖြေရှာမည်ဟု တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးရှစ်ဖွဲ့၏ရုံးက ဇန်နဝါရီ ၉ ရက်တွင် သတင်း ဖော်ပြသည်။ ဇန်နဝါရီ ၁၁ ရက်နှင့် ၁၂ ရက်တွင် ထိုင်းနိုင်ငံ ချင်းမိုင်၌ပြုလုပ်မည့် NCA လက်မှတ်ထိုးရှစ်ဖွဲ့ ထိပ်သီး ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အစည်းအဝေးနှင့်ပတ်သက်ပြီး ငြိမ်းချမ်း ရေးလုပ်ငန်းစဉ် အလုပ်အဖွဲ့ (PPWT) ခေါင်းဆောင် ပဒိုစောတာဒိုမူးအား မေးမြန်းထားမှုများကို NCA လက်မှတ်ထိုးရှစ်ဖွဲ့ရုံးက ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖော်ပြသည်။

နှစ် ၆၀ ကျော် ကြုံတွေ့ခဲ့ရသည့် အခက်အခဲများကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ် အခြေခံပြီး ဖြေရှင်းရာ၌ အမျိုးသားအဆင့်နိုင်ငံရေး ဆွေးနွေးပွဲများကတစ်ဆင့် ဆောင်ရွက်ရမည်ဟု ကရင်အမျိုးသား အစည်းအရုံး (KNU) အထွေထွေအတွင်းရေးမှူးလည်းဖြစ်သူ ပဒိုစောတာဒိုမူးကပြောသည်။ ‘‘ဒီအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ တွေကို သွားတဲ့နေရာမှာလည်း ပြည်သူလူထုတွေ ကနေပြီးတော့ ကျယ်ကျယ်ပြန့်ပြန့်နဲ့ သူတို့သဘောထားဆန္ဒတွေ ပါဝင်အောင် တင်ပြရမယ့်အပိုင်းတွေလည်းရှိမှာပေါ့။ ဒါကြောင့် Public Consultation တွေက အရေးကြီးတယ် ဆိုတာကို ပြောခြင်းဖြစ်တယ်။ ဒါကြောင့် ဒီအရေး ကြီးတဲ့အပိုင်းတွေမှာ ကန့်သတ်မှုတွေ ကြုံလာရတဲ့အတွက် ကြောင့်မို့ PPST ဆီက ပြန်ပြီးတော့ လမ်းညွှန်မှုကို ပြန်တောင်းပြီးတော့ ဘယ်လိုပြန်ပြီး အဖြေရှာမလဲဆိုတာက အဓိကဖြစ်ပါလိမ့်မယ်’’ ဟု ၎င်းက PPST အစည်းအဝေး ကျင်းပမည့် ကိစ္စနှင့်ပတ်သက်၍ ပြောသည်။

လူထုတွေ့ဆုံပွဲများ ဟန့်တားခံရခြင်းကြောင့် NCA လက်မှတ်ထိုးအဖွဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS/SSA) က ဦးဆောင်ကျင်းပမည့် ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ရက် အကန့်အသတ်မရှိရွှေ့ဆိုင်းကြောင်း RCSS က ဇန်နဝါရီ ၈ ရက်တွင် ထုတ်ပြန်သည်။

ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို NCA အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်း အစည်းအဝေး (JICM) ဆုံးဖြတ်ချက်အရ ဇန်နဝါရီ ၁၂ ရက်ကစ၍ ရှမ်းပြည်နယ် လင်းခေးမြို့တွင် ကျင်းပရန် စီစဉ် ခဲ့သည်။ လင်းခေးဆွေးနွေးပွဲအတွက် အကြိုလူထု တွေ့ဆုံပွဲများကို ၂၀၁၇ ဒီဇင်ဘာက ရှမ်းပြည်နယ် မြို့အချို့၌ ကျင်းပရာ တပ်မတော်ကဟန့်တားခဲ့သည်။ ထို့အပြင် ရှမ်းအမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအတွက် အကြို ဆွေးနွေးပွဲကို ဇန်နဝါရီ ၇ ရက်မှ ၉ ရက်အထိ ကျင်းပခွင့်ပြုရန် ရှမ်းအဖွဲ့အစည်းများ၏ တောင်းဆိုမှုကို အစိုးရနှင့် တပ်မတော်က ခွင့်မပြုပေ။

လူထုတွေ့ဆုံပွဲများ မကျင်းပနိုင်ဘဲ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲများ ဆောင်ရွက်ရန် မဖြစ်နိုင်ဟု ပဒိုစောတာဒိုမူးက ပြောသည်။ ဇန်နဝါရီလကုန်တွင် ကျင်းပရန်သတ်မှတ်ထားသည့် ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံတတိယအစည်းအဝေး သတ်မှတ်ချိန်အတွင်း ကျင်းပနိုင်ခြင်းရှိ၊ မရှိမှာ လာမည့် PPST အစည်းအဝေးပေါ် မူတည်ကြောင်း ၎င်းက ဆိုသည်။