ထရမ့်၏ အမျိုးသားလုံခြုံရေး အကြံပေးအရာရှိ ရာထူးကို ဟားဝပ်ဒ် ငြင်းဆို
အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရမ့်၏ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ နေရာအတွက် ရောဘတ် ဟားဝပ်ဒ်နှင့် ညှိနှိုင်းမှု အဆင်မပြေခဲ့ကြောင်း သိရသည်။
ရုရှားနှင့် မူမမှန်သော ဆက်ဆံရေးရှိခဲ့ကြောင်း စွပ်စွဲမှုများကြောင့် ယခုသီတင်းပတ် အစောပိုင်းတွင် ရောဘတ် ဖလင်းကို ထရမ့်က အဆိုပါရာထူးမှ ဖယ်ရှားခဲ့သည်။ အငြိမ်းစား ဒုတိယ သေနာပတိဟောင်း ဟားဝပ်ဒ်သည် ဖလင်း၏ နေရာတွင် ဆက်ခံရန် ထရမ့်က ရွေးချယ်မည့် ပုဂ္ဂိုလ်အဖြစ် အဓိက ရေပန်းစားခဲ့သော်လည်း ယခုအခါ ကာယကံရှင်ဘက်က ထရမ့်၏ ကမ်းလှမ်းမှုကို ငြင်းဆိုလိုက်ပြီ ဖြစ်သည်။
အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက ဟားဝပ်ဒ်၏ ငြင်းပယ်မှုသည် မိသားစုနှင့် ဘဏ္ဍာရေးကိစ္စ များကြောင့်ဟု ပြောကြားခဲ့သော်လည်း အမေရိကန် မီဒီယာများကမူ ဟားဝပ်ဒ်သည် ၎င်း၏ ကိုယ်ပိုင်အဖွဲ့ကို စိတ်ကြိုက်ရွေးချယ် ခန့်အပ်ခွင့်ပေးရန် တောင်းဆိုမှု ညှိနှိုင်း၍ အဆင်မပြေသောကြောင့် ရာထူးကို လက်မခံခြင်း ဟု ဖော်ပြကြသည်။
ဖလင်းကိစ္စနှင့် ပတ်သက်၍ စိတ်ပျက်စရာများ ကြုံခဲ့ရသည့် ထရမ့်၏ အစိုးရသစ်အတွက် ယခုကိစ္စက နောက်ထပ် ထိုးနှက်ချက် တစ်ခုလည်း ဖြစ်လာခဲ့သည်။ ထရမ့်သည် သမ္မတရာထူးသက်တမ်း တစ်လမပြည့်မီ အတောအတွင်းတွင်ပင် စီမံအုပ်ချုပ်မှု ကဏ္ဍနှင့် ပတ်သက်၍ ကြီးကြီးမားမား စိန်ခေါ်မှုများ ဆက်တိုက် ကြုံနေရသည်။
လတ်တလောတွင် အမေရိကန် ကာကွယ်ရေး ကန်ထရိုက်ကုမ္ပဏီ Lockheed Martin၏ အဘူဒါဘီ ဌာနခွဲ အမှုဆောင်ချုပ်အဖြစ် အလုပ်လုပ်နေသည့် အသက် ၆၀ အရွယ် Navy Seal အဖွဲ့ဝင်ဟောင်း ဟားဝပ်ဒ်က ထရမ့်၏ ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ခြင်းအပေါ် “ကျွန်တော့်ဆုံးဖြတ်ချက်က ပုဂ္ဂိုလ်ရေး အမြင်သက်သက်ပါ”ဟု မှတ်ချက်ပေးခဲ့သည်။ သတင်းထောက်များက ၎င်း၏ ကိုယ်ပိုင်အဖွဲ့ကို အိမ်ဖြူတော်သို့ ခေါ်ယူခွင့် မရ၍ ယခုလို ဆုံးဖြတ်ခြင်း ဟုတ်မဟုတ် မေးမြန်းရာ “ဒီကိစ္စကတော့ သမ္မတကြီးကိုပဲ မေးသင့်ပါတယ်”ဟု ဖြေကြားခဲ့သည်။
အမေရိကန်၏ ကာကွယ်ရေးကဏ္ဍ စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ အလွန်အရေးပါသော အဆိုပါ ရာထူးကို ဆက်ခံရန် နောက်ထပ် ရေပန်းစားနေသူများမှာ အငြိမ်းစား ဗိုလ်ချုပ်ကြီးဟောင်း ဒေးဗစ်ပီထရောရက်စ်နှင့် ဖလင်း၏ နေရာကို ယာယီ တာဝန်ယူထားသူ ကိသ်ကယ်လော့ဂ်တို့ ဖြစ်ကြောင်းလည်း သိရသည်။
Ref: BBC