အစိုးရသစ်လက်ထက် ပထမလေးလတာ ကာလတွင် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကျော်ပြ

အစိုးရသစ်သက်တမ်း လေးလတာကာလအတွင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ ထုတ်ပြန် ချက်အရ ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံကျော်ရှိကြောင်း သိရသည်။

ယခုဘဏ္ဍာနှစ်လေးလတာ ကာလအတွင်း ပင်လယ်ရေကြောင်းနှင့် နယ်စပ်လမ်းကြောင်းများမှ ပြည်ပသို့ ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံကျော် (၃၂၇၅ဒသမ ၇၅၀) တန်ဖိုးရှိသည့်ပို့ကုန်များ တင်ပို့ထားပြီး ပြည်ပနိုင်ငံများမှ ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံကျော် (၄၇၉၅ ဒသမ ၃၆၈) တန်ဖိုးရှိသည့်သွင်းကုန်များ ပြန်လည်တင်သွင်းထားသော ကြောင့် သွင်းကုန်က ပို့ကုန်ထက်ဒေါ်လာ ၁၅၁၉ သန်းကျော် လိုငွေပြနေခြင်းဖြစ်ကြောင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာန၏ ကုန်သွယ်မှုစာရင်းများတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှု လိုငွေပြရခြင်းသည် ပို့ကုန်နည်းပါးပြီး သွင်းကုန်များပြားနေခြင်းသည် အဓိက အကြောင်း တစ်ချက်အဖြစ် ပါဝင်နေကြောင်း စီးပွားရေးလုပ်ငန်းရှင်များက သုံးသပ်ကြသည်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန၏ စာရင်းများအရ ၂၀၁၆- ၂၀၁၇ ဘဏ္ဍာနှစ်အစ ဧပြီမှ ဇူလိုင် လအထိ လေးလတာကာလအတွင်း ကုန်သွယ်မှုလိုငွေဒေါ်လာ ၂၀၁၅-၁၆ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၂၇ ဘီလီယံရရှိခဲ့ပြီး လိုငွေဒေါ်လာ ၅ ဒသမ ၃ ဘီလီယံအထိရှိခဲ့ပြီး ယခု ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ ဒေါ်လာ ၃၁ ဘီလီယံရှိရန် ရည်မှန်းထားကြောင်း သိရသည်။

“လိုငွေပြတာကတော့ ဘတ်ဂျက်ဆွဲကတည်းက ပြနေတာတစ်နှစ်လုံးလဲ ပြနေတာပါပဲ။ အခုက ပထမလေးလ အတွင်းမှာ ပြတာဖြစ်တဲ့အတွက် ပထမလေးလတာအတွင်း ဘတ်ဂျက်သုံးတာများလို့ ဖြစ်ပါလိမ့်မယ်။ သွင်းကုန် များပြီး ပို့ကုန်နည်းတာကလဲ အကြောင်းတစ်ရပ်ဖြစ်သလို အခွန်ထုတ်မှု နည်းပါးတာကြောင့်လည်း ဘတ်ဂျက် လိုငွေပြတာ ဖြစ်ပါတယ်” ဟု စီးပွားရေးပညာရှင်ဦးလှမောင်က The Ladies သို့ပြောကြားသည်။

ယခုဘဏ္ဍာနှစ် လေးလတာကာလနှင့် ယခင်ဘ ဏ္ဍာနှစ် ကာလတူနှိုင်းယှဉ်ပါက ယခင်နှစ်ထက် ဒေါ်လာ သန်း ၇၅၀ ကျော် လျော့နည်းနေသည်။ ပြည်ပသို့ အဓိကတင်ပို့သည့် ပို့ကုန်ခု နစ်မျိုးရှိပြီး ပြီးခဲ့သည့် ဘဏ္ဍာနှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက သတ္တုတွင်းထွက် တင်ပို့ခြင်းတွင် ကန်ဒေါ်လာ သန်း ၂၁၀ ကျော်နှင့် စက်မှုကုန်ချော တင်ပို့ခြင်းတို့တွင် ကန်ဒေါ်လာ သန်းသုံးရာအထိ လျော့နည်းနေကြောင်း ကုန်သွယ်မှုမြှင့်တင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ချိုက ပြောကြားကြောင်း 7Day နေ့စဉ်သတင်းစာတွင် ဖော်ပြထားသည်။

လေးလတာကာလအတွင်း ပြည်ပသို့ သဘာဝဓာတ်ငွေ့နှင့် ချုပ်ပြီးသား အထည်တင်ပို့မှုပမာဏ ပါဝင်သည့် စက်မှုကုန်ချော ပစ္စည်းဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ ကျော် အများဆုံး တင်ပို့ခဲ့ပြီး လယ်ယာထွက်ကုန် ပစ္စည်း ဒေါ်လာ ၁ ဘီလီယံကျော်၊ အခြားကုန်ပစ္စည်း တင်ပို့မှု ဒေါ်လာသန်း ၄၈၀ ကျော်၊ ရေထွက်ကုန်ပစ္စည်း ဒေါ်လာ ၁၅၁ သန်း၊ သတ္တုတွင်းထွက်ပစ္စည်း ဒေါ်လာ ၈၉ သန်းနှင့် သစ်တော ထွက်ပစ္စည်းဒေါ်လာ ၇၄ သန်း ကျော် တင်ပို့ထားကြောင်း ကုန်သွယ်မှုစာရင်းများအရ သိရသည်။

အစိုးရသစ်လက်ထက်တွင် စီးပွားရေးနှင့်ကုန်သွယ်မှု နှေးကွေးလေးလံနေကြောင်း သုံးသပ်ပြောဆိုမှုများလည်း ရှိနေသည်။
#The Ladies News


Leave a Reply