မိသားစုများပြန်လည်ဆုံစည်းရေးဆွေးနွေးမှုအသစ်အား မြောက်ကိုရီးယားထံတောင်ကိုရီးယားအဆိုပြု

၁၉၅၀ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ကိုရီးယားစစ်ပွဲကြောင့် ကွဲကွာသွားတဲ့မိသားစုဝင်ပေါင်းများစွာကို ပြန်လည် ပေါင်းစည်းရေး မြောက်ကိုရီးယားအစိုးရနဲ့ ဆွေးနွေးညှိနှိုင်းဖို့ တောင်ကိုရီးယားဘက်က အဆိုပြုထားကြောင်း သိရပါတယ်။

ဒီအဆိုပြုကမ်းလှမ်းချက်ဟာ လွန်ခဲ့တဲ့မေလက သမ္မတယွန်းဆော့ယိုးလ် တာဝန်ယူခဲ့ပြီးနောက်ပိုင်း တောင်ကိုရီးယားရဲ့ ပထမဆုံးအကြိမ်ကမ်းလှမ်းချက်ဖြစ်ပြီး မြောက်ကိုရီးယားဘက်က အကြောင်းပြန်ခြင်း မရှိသေးပါဘူး။ တောင်ကိုရီးယားအစိုးရရဲ့ ပြန်လည်ပေါင်းစည်းရေးဝန်ကြီးခွမ်ယောင်စီကတော့ နှစ်နိုင်ငံလုံးနဲ့ သက်ဆိုင်တဲ့အားလပ်ရက်ပွဲတော်မတိုင်မီမှာ ပြန်လည်ပေါင်းစည်းရေးဆွေးနွေးလိုကြောင်း၊ ဆွေးနွေးမယ့်နေ့ရက်၊ အချိန်နဲ့ နေရာကို မြောက်ကိုရီးယားတာဝန်ရှိသူတွေ ရွေးချယ်ခွင့်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဗြိတိန်ထီးနန်းအရိုက်အရာ Charles မင်းသား ဆက်ခံ

ဗြိတိန် တော်ဝင် မင်းသား Charles ဟာ ဘုရင် အရိုက်အရာ ဆက်ခံဖို့ ဘ၀ တလျှောက်လုံး ပြင်ဆင်လာခဲ့သူပါ။ အခု အသက် ၇၃ နှစ် အရွယ်မှာတော့ အရိုက်အရာ ဆက်ခံရတော့မှာ ဖြစ်ပါတယ်။ သူ့မိခင် ဖြစ်သူ ဘုရင်မကြီး ဒုတိယမြောက် Elizabeth ကွယ်လွန်ပြီးနောက် ကြာသပတေးနေ့မှာဘဲ တတိယမြောက် Charles ဘုရင် ဖြစ်လာခဲ့ပြီး ဗြိတိန် ထီးနန်းကို ဆက်ခံခဲ့သူတွေထဲမှာ အသက်အကြီးဆုံး ဖြစ်ပါတယ်။

ရှုဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ တရုတ်နိုင်ငံ ခွင့်ပြု

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေးကို အဓိကဦးစားပေးအနေနဲ့ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံကတော့ ရှူဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပါပြီ။ CanSino Biologics ဆေးကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ရှုဆေးကို booster အဖြစ် အရေးပေါ်အသုံးပြုနိုင်တယ်လို့ တရုတ်နိုင်ငံ ဆေးဘက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေးအဖွဲ့က အတည်ပြုပေးခဲ့ တာပါ။ အငွေ့ရှူစက်ထဲက ဆေးငွေ့ကို ပါးစပ်နဲ့ ရှုသွင်းရမှာဖြစ်ပြီး ဆေးနာမည်ကတော့ Convidecia Air ပါ။

အနောက်နိုင်ငံများကျရှုံးနေပြီး အနာဂတ်သည် အာရှတွင် ရှိနေဟု ပူတင်ပြောကြား

ရုရှားနိုင်ငံကို ပိတ်ဆို့အရေးယူမှုများဖြင့် သီးသန့်ခွဲထုတ်ရန် အချည်းနှီးပြင်းထန်စွာကြိုးပမ်းနေမှုမှာ ကမ္ဘာ့စီပွားရေးကို ပျက်ပြားစေလျှက်ရှိသဖြင့် အနောက်နိုင်ငံများကျရှုံးနေသည့်အားလျော်စွာ အာရှနိုင်ငံများ၏ အနာဂတ်ကို မြင့်မားလာစေနေကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က ယနေ့ပြောကြားလိုက်သည်။

ထိုသို့ပိတ်ဆို့အရေးယူမှုများသည် စီးပွါးရေးစစ်ပွဲကြေညာသကဲ့သို့ပင်ဖြစ်ကြောင်းလည်း ပူတင်ကပြောသည်။

ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် ယနေ့ကျင်းပသော အရှေ့ဖျားစီးပွားရေးဖိုရမ်၌ သမ္မတပူတင်က အဖွင့်မိန့်ခွန်းပြောကြားရာတွင် ထိုသို့ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရုရှား၏ ဓာတ်ငွေ့ပိတ်ဆို့မှုကြောင့် စွမ်းအင်လုပ်ငန်းများ မပြိုလဲစေရန် ဥရောပနိုင်ငံအချို့က မိမိတို့၏ ဓာတ်အားပေးလုပ်ငန်းများကို ဘဏ္ဍာရေးအကူအညီများ ပေးအပ်

အဓိကဓာတ်ငွေ့ပိုက်လိုင်းကို ပိတ်ရန် ရုရှား၏လုပ်ဆောင်မှုကြောင့် ဖြစ်ပေါ်လာသည့် နက်ရှိုင်းသော အကျပ်အတည်းတစ်ခုအတွင်း ဥရောပသည် စွမ်းအင်ပံ့ပိုးမှုများ ရရှိစေရန် အပြင်းအထန်ကြိုးပမ်းနေရသည့် အနေအထား၌ ဖင်လင်နှင့် ဆွစ်ဇာလန်တို့က စက်တင်ဘာ ၆ ရက်တွင် ဓာတ်အားကုမ္ပဏီများထံ ဘဏ္ဍာရေး အထောက်အပံ့ ဘီလျံချီပံ့ပိုးခဲ့သည်။

တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ(၄၆)ဦး သေဆုံး

တရုတ်နိုင်ငံ အနောက်တောင်ပိုင်းမှာ စက်တင်ဘာ(၅)ရက်က ပြင်းအား (၆.၈) အဆင့်ရှိတဲ့ အင်အားပြင်း ငလျင်  လှုပ်ခတ်ခဲ့တဲ့အတွက် အနည်းဆုံး လူ (၄၆) ယောက်သေဆုံးပြီး (၁၆) ယောက် ပျောက်ဆုံးနေပါတယ်။ ငလျင်ဟာ ဒေသစံတော်ချိန် နေ့လယ် (၁)နာရီလောက်မှာ  စီချွမ်ပြည်နယ်ကို ဗဟိုချက်ထားပြီး အောက်အနက် (၁၀) ကီလိုမီတာကနေ လှုပ်ခတ်ခဲ့တာပါ။

ဂျပန်နိုင်ငံတွင် တိုင်ဖွန်းမုန်တိုင်းကြောင့် လေယာဉ်ခရီးစဉ် ၁၀၀ ကျော် ဖျက်သိမ်း

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ဖုခုအိုခါ့မြို့မှာ စက်တင်ဘာ ၆ ရက် အစောပိုင်းက ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ တိုင်ဖွန်းမုန်တိုင်း ဟင်နမ်နော်ကြောင့် လေယာဉ်ခရီးစဉ်ပေါင်း ၁၀၀ ကျော် ဖျက်သိမ်းခဲ့ပြီး ရထားဝန်ဆောင်မှုတွေကို ရပ်ဆိုင်းထားရပါတယ်။

ဒေသစံတော်ချိန် မနက် ၅ နာရီအထိ အနည်းဆုံး လေယာဉ်ခရီးစဉ် ၁၂၄ ခုကို ဖျက်သိမ်းခဲ့ရတာပါ။ ဟာခါ့တာ့နဲ့ ခုမာ့မိုတို ဘူတာတွေကြားမှာ ပြေးဆွဲနေတဲ့ ကျည်ဆန်ရထားလိုင်းတွေကို ရပ်ဆိုင်းထားတယ်လို့ အများပိုင်ရုပ်သံလိုင်း NHK က ပြောပါတယ်။

ထိုင်ဝမ်ပဋိပက္ခဖြစ်လာပါက အမေရိကအနေဖြင့် ဖိလစ်ပိုင်စစ်အခြေစိုက်စခန်းများအား အသုံးပြုနိုင်ဟု ဖိလစ်ပိုင် သံအမတ်ဆို

ထိုင်ဝမ်-တရုတ်အကျပ်အတည်းတွင် ဖိလစ်ပိုင်အနေဖြင့် ထိုင်ဝမ်အကျပ်အတည်းကယခုထက်ပိုမိုဆိုးရွားလာသည် ရှိသော် အမေရိကန်တပ်ဖွဲ့များအား ၎င်း၏စစ်အခြေစိုက်စခန်းများကို အသုံးပြုခွင့်ပေးမည်ဟုပြောကြားထားသည်။

ပြည်သူများကို ကူညီပံ့ပိုးမည့်အစီအစဉ်အား ဂျာမနီအစိုးရထုတ်ပြန်

ဂျာမနီအစိုးရက စွမ်းအင်စျေး မြင့်မားမှုနဲ့ ငွေကြေးဖောင်းပွမှု လျော့ပါးသက်သာစေဖို့ ယူရို ၆၅ ဘီလီယံ ရင်းနှီး မြှုပ်နှံမယ့် အစီအစဉ်တစ်ရပ်ကို ကြေညာလိုက်ပါတယ်။ ဂျာမနီဟာ ခက်ခဲတဲ့ ကာလမှာ အတူတကွ ရပ်တည် သွားကြမှာဖြစ်တယ်လို့လည်း ဝန်ကြီးချုပ် အိုလက်ဖ်ရှိုးလ်က တနင်္ဂနွေနေ့မှာ အခုအစီအမံကြေညာရင်း ပြောဆို သွားခဲ့ပါတယ်။

ဂျပန်သည် တရုတ်နှင့် ရုရှားရန်ကို တန်ပြန်ရန်အတွက် တာဝေးပစ် ဒုံးကျည်များ ထုတ်လုပ်ရန် စီစဉ်လာ

ဂျပန်နိုင်ငံသည် တရုတ်နှင့် ရုရှားတို့၏ ခြိမ်းခြောက်မှုများကို ရင်ဆိုင်နိုင်ရန် ရည်ရွယ်သည့် စစ်ရေးတိုးချဲ့မှု တစ်စိတ်တစ်ပိုင်းအနေဖြင့် ခရုဇ်ဒုံးကျည်များနှင့် မြန်နှုန်းမြင့် ပဲ့ထိန်းစနစ် ဒုံးကျည်များကို  အမြောက်အမြား ထုတ်လုပ်သွားမည်ဟု ဩဂုတ်လ ၃၁ ရက် ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

အဆိုပါ ဒုံးကျည် ဝယ်ယူထုတ်လုပ်ရေး အစီအစဉ်ကို ကာကွယ်ရေး ဝန်ကြီးဌာန၏ နှစ်စဉ်ဘတ်ဂျက်တောင်းခံမှုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။