



တပ်ကုန်း စက်တင်ဘာ ၁၄
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဒုတိယဥက္ကဋ္ဌများဖြစ်ကြသော ဦးမြတ်ဟိန်း၊ ဦးလှထွန်း၊ ဦးမျိုးဇော်သိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေးတို့နှင့်အတူ ယနေ့နေ့လည်ပိုင်းတွင် တပ်ကုန်းမြို့နယ်၊ ကျားသေအိုင်ကျေးရွာ ဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်ထားသည့် ရေဘေးကယ်ဆယ်ရေးစခန်းများသို့ သွားရောက်ပြီး ရေဘေးသင့်ပြည်သူများအား တွေ့ဆုံကာ အားပေးစကားများပြောကြားခဲ့ပါသည်။
ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌနှင့်အဖွဲ့သည့် ယနေ့တနေ့စာ လူဦးရေ (၄၅၀၀)စာအတွက် ပါတီမှ နေ့လည်စာနှင့် ညစာ ချက်ပြုပ်ကျွေးမွေးနေမှုများအား ကြည့်ရှုခဲ့ပြီး တာဝန်ယူဆောင်ရွက်နေသည့် ပြည်ထောင်စုနယ်မြေပါတီ ယာယီဥက္ကဋ္ဌ ဦးလှဆွေနှင့် တပ်ကုန်းမြို့နယ်မှ ပါတီတာဝန်ရှိသူများအား ပြည်သူများခံစားနေရသည့် လိုအပ်ချက်များအား သေချာစွာမှတ်သားတင်ပြကြရန်နှင့် အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်ပေးရန် မှာကြားခဲ့ပါသည်။












































