အလန်ရှီးယားနဲ့ ရွန်နေးတို့ရဲ့ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်ကို အမီလိုက်မယ်လို့ ဟယ်ရီကိန်း ကြွေးကြော်

နော်တင်ဟမ်ဖောရက်ကို အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းအနိုင်ဂိုး(၂)ဂိုးစလုံးကို သွင်းယူခဲ့တဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ (၁၈၇)ဂိုးနဲ့ ပရီးမီးယားလိဂ်တတိယဂိုးသွင်းအများဆုံးကစားသမားအဖြစ်စံချိန်တင်ထားတဲ့  အင်ဒီကိုးလ်ကို လိုက်မီခဲ့ပါတယ်။ အခုအခါ ပရီးမီးယားလိဂ်သမိုင်းမှာ ဂိုးသွင်းအများဆုံးကစားသမား နှစ်ယောက်ဖြစ်တဲ့ အလန်ရှီးယားနဲ့ ရွန်နေးတို့ရဲ့စံချိန်ကို အမီလိုက်မယ်လို့ တိုက်စစ်မှူးဟယ်ရီကိန်းက ကြွေးကြော်ခဲ့ပါတယ်။ အလန်ရှီးယားဟာ ဘလက်ဘန်းနဲ့ နယူးကာဆယ်တို့မှာ ပရီးမီးယားလိဂ် (၂၆၀)ဂိုး သွင်းယူခဲ့ပြီး မန်ယူတိုက်စစ်မှူးဟောင်းရွန်နေးကတော့ ပရီးမီးယားလိဂ်(၂၀၈)ဂိုးသွင်းယူခဲ့ပါတယ်။ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းက “အဲဒါက ဝေးကွာနေသေးတာ သေချာပါတယ်။ ကျွန်တော်ကြံ့ခိုင်မှုကောင်းပါတယ်။ ကျွန်တော်နှစ်ပေါင်းများစွာကစားနိုင်သေးတယ်လို့ ခံစားမိပါတယ်။ ရာသီတိုင်းမှာ ဂိုးတွေသွင်းယူဖို့နဲ့ ကျွန်တော်တို့ မြင်နေရတဲ့နာမည်တွေကြားမှာ ပါဝင်ဖို့ ကျွန်တော်ဆန္ဒရှိပါတယ်။  စိန်ခေါ်မှုအတွက် ကျွန်တော်စိတ်လှုပ်ရှား မိပါတယ်။ အလန်နဲ့ရွန်နေးတို့ဟာ အင်္ဂလန်တိုက်စစ်မှူးတွေထဲမှာ အကောင်းဆုံးကစားသမားနှစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်ကိုယ့်ကိုယ်ကိုယ်တွန်းအားပေးဖို့ ဆန္ဒရှိပါတယ်။ ကျွန်တော်ဘယ်လောက်အထိ သွားမလဲဆိုတာ ကြည့်ချင်ပါတယ်။ အခုထိရာသီအစကောင်းမွန်နေပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

 ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားများ

၁။ အလန်ရှီးယား – ၂၆၀ဂိုး

၂။ ရွန်နေး – ၂၀၈ ဂိုး

၃။ ဟယ်ရီကိန်း – ၁၈၇ ဂိုး

၃။ အင်ဒီကိုးလ် –  ၁၈၇ ဂိုး

၅။ အဂွဲရိုး – ၁၈၄ ဂိုး