ရခိုင်အရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းဟာ အစိုးရကို ကူညီနေတာဖြစ်ကြောင်း ပြည်ခိုင်ဖြိုး ပြောခွင့်ရပုဂ္ဂိုလ်ဆို
ရခိုင်အရေးနဲ့ပတ်သတ်ပြီး ဆွေးနွေးပွဲတွေ ပြုလုပ်ခြင်းဟာ အစိုးရကို ကူညီနေတာဖြစ်တယ်လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် ဒေါက်တာနန္ဒာလှမြင့်က သတင်းထောက်တွေကိုပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခကိစ္စတွေဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်တစ်ယောက်တည်းနဲ့ အစိုးရတစ်ခုတည်းနဲ့ ဖြေရှင်းလို့ရတဲ့ ကိစ္စမဟုတ်ဘဲ နိုင်ငံသားအားလုံးမှာ တာဝန်ရှိတာမို့ အားလုံးဝိုင်းဝန်းဆောင်ရွက်မှရမယ်လို့လည်း သူကဆိုပါတယ်။
“ကျွန်တော်တို့ပါတီဟာ လွန်ခဲ့တဲ့ ၂၀၁၀-၁၅ မှာအစိုးရတာဝန်ကိုထမ်းဆောင်ခဲ့တော့ ဒီအခင်းအကျင်းမျိုးတွေကို အစိုးရလက်ထက်မှာ ကိုင်တွယ်ခဲ့ဖူးတဲ့ အတွေ့အကြုံရှိတယ်။ အဲဒီတော့ အတွေ့အကြုံရှိတဲ့ပုဂ္ဂိုလ်တွေရော အမျိုးသားရေးအတွက်စိတ်ပူနေတဲ့ ပုဂ္ဂိုလ်တွေအားလုံးက နိုင်ငံတော်အစိုးရကို ဒီအခင်းအကျင်းတွေ ဘယ်လို ဆောင်ရွက်သင့်တယ်၊ ဘယ်လိုတွေလုပ်ရင် တော့ အန္တရာယ်ရှိတယ် ၊ဘယ်လိုလုပ်သင့်တယ်ဆိုတာကို အခုလို ဆွေးနွေးပွဲတွေ လုပ်ပြီးတော့မှ ပါတီတွေ တိုင်ပင်ဆွေးနွေးပြီးတော့မှ အကြံပြုချက်တွေပေးနေတာဟာ အစိုးရကို ကူညီနေတာပါပဲ” လို့ ဒေါက်တာ နန္ဒာလှမြင့်က ပြောပါတယ်။
ရန်ကုန်မြို့ ၊ သံလွင်လမ်းမှာရှိတဲ့ ပြည်ခိုင်ဖြိုးရုံးချုပ်မှာ ဒီကနေ့ နံနက်ပိုင်း ကစပြီး “အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေသော ရခိုင်ပြည်နယ်အရေး ” ဆိုတဲ့ ခေါင်းစဉ်နဲ့ဆွေးနွေးပွဲတစ်ခုကို ပြည်ခိုင်ဖြိုးပါတီက ဦးဆောင် ပြီးပြုလုပ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်မှ ကိစ္စရပ်များနဲ့ပတ်သတ်ပြီး ပြည်ခိုင်ဖြိုးပါတီဟာ သိပ်မကြာခင်လပိုင်းကလဲ ဆွေးနွေးပွဲတစ်ခုကိုပြုလုပ်ခဲ့ပါသေးတယ်။ အဲဒီလို ဆွေးနွေးပွဲတွေလုပ်ပြီး အကြံပြုတိုက်တွန်းမှုတွေလုပ်နေပေမယ့် တာဝန်ရှိသူတွေအနေနဲ့ လိုလိုလားလားလက်ခံဆောင်ရွက်ခြင်း မရှိသလောက်ပဲလို့ ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးသန်းဌေးက နံနက်ပိုင်း မှာ ပြောကြားခဲ့တဲ့မိန့်ခွန်းမှာထည့်သွင်းပြောပါတယ်။
ကိုဖီအာနန်ကော်မရှင်ကို လက်မခံသလို အာနန်ကော်မရှင်က အကြံပြု ထားတဲ့ ၁၉၈၂ နိုင်ငံသားဥပဒေပြင်ဆင်မှုနဲ့ပတ်သတ်ပြီးတော့လည်း ပြည်ခိုင်ဖြိုးပါတီက လုံးဝငြင်းဆိုပါတယ်။ အဲဒီဥပဒေနဲ့ စီစစ်လုပ်ဆောင်သင့် တယ်လို့ ရပ်တည်ချက်ကို ပြောထားပါတယ်။
ဖြိုးထက်အောင်
ခရက်ဒစ်